Saturday 12 November 2011

မြန်မာသံရုံး၊ ရေကြီးခြင်းနှင့် ရေဘေးဒုက္ခ

ပြီးခဲ့တဲ့အပါတ်က သူငယ်ချင်းရဲ့ မြန်မာပတ်စ်ပို့ သက်တမ်းကုန်ခါနီးနေတာနဲ့ သက်တမ်းတိုးဖို့ မြန်မာသံရုံးကို သွားပါတယ်။ ရေကြီးတာကို ကာကွယ်ဖို့ သူများတွေက သဲအိတ်တွေနဲ့ကာသူကာ၊ ရေတားနံရံတွေ ဆောက်သူဆောက်မို့ မြန်မာသံရုံးကလည်း အများနည်းတူ ရေတားနံရံဆောက်ထားတာ ပေါင်ရင်းလောက် အမြင့်ရှိပါတယ်။ သူများနဲ့မတူတာကတော့ သူများတွေက အဲ့ဒီနံရံကို ကျော်ဖို့ သဲအိတ်တွေကို လှေခါးလိုသုံးဖို့ ထပ်ပြီး စီထားပေးရင်စီထား၊ အဲ့လိုမှ မဟုတ်ရင် အုတ်၊ ဘိလပ်မြေတွေနဲ့ ယာယီလှေခါးထစ် လုပ်ပေးထားရင်ထား နေကြတဲ့အချိန်မှာ မြန်မာသံရုံးရှေ့က ရေတားနံရံရှေ့မှာ သဲအိတ်က ၂အိတ်ဆင့်ထားသလောက် အမြင့်ပဲ လုပ်ထားပေးတာကြောင့် တော်တော်လေး ကျော်ခွပြီး ဝင်ရပါတယ်။ အရပ်မြင့်သူတွေအတွက် သိပ်ဒုက္ခမရောက်ရပေမယ့် အရပ်မမြင့်သူတွေဆို အတော်ဒုက္ခရောက်ရပါတယ်။ သူငယ်ချင်းဆို ကျော်လိုက်တာ မလွတ်လို့ ညို့သကျည်းကို နံရံနဲ့ခြစ်မိတာ အရေပြားစုတ်သွားပါရော။ (အပြင်ရောက်နေတဲ့ မြန်မာတွေ ပြည်တွင်းက ကျော်ရ၊ ခွရတဲ့ အင်တာနက်အတွေ့အကြုံကို ပြန်လည်အောက်မေ့ရအောင် ထားပေးထားတယ်ပဲ မှတ်ရမလိုလို..။)

အဲ့လိုနဲ့ အထဲရောက်ပြီး ပတ်စ်ပို့သက်တမ်းတိုးဖို့ ရှည်လျားလှတဲ့ ပုံစံစာရွက်ကို ဖြည့်အပြီး စာရွက်တွေ သွားတင်တော့ ပတ်စ်ပို့ကို ဘာအမျိုးအစားပတ်စ်ပို့လျှောက်မှာလဲတဲ့.. အဲ့ဒါနဲ့ ဘာအမျိုးအစားတွေ ရှိလို့လဲဆိုတော့.. ကျောင်းသားပတ်စ်ပို့၊ အလုပ်ပတ်စ်ပို့၊ မှီခိုပတ်စ်ပို့ အစရှိသဖြင့် အမျိုးအစား စုံစုံလင်လင်ရှိပြီး ကျောင်းသားပတ်စ်ပို့ကိုင်သူက အလုပ်လုပ်မယ်ဆို အလုပ်ပတ်စ်ပို့ ပြောင်းကိုင်ရမှာဖြစ်ကြောင်း၊ ဒီပတ်စ်ပို့တွေဟာ နိုင်ငံတကာက အသိအမှတ်ပြု လက်ခံထားတာဖြစ်လို့ ကျောင်းသားပတ်စ်ပို့နဲ့ အလုပ်လုပ်ခွင့်မရှိတဲ့အကြောင်း သေသေချာချာ ခရေစေ့တွင်းကျ စိတ်ရှည်လက်ရှည် ရှင်းပြပါတယ်။ ကျမတို့လည်း မျက်စိသူငယ်၊ နားသူငယ်လေးတွေဖြစ်သွားပြီး အော်.. တစ်ခါမှ မကြားဖူးတဲ့ အဆင့်မြင့်စနစ်ကြီးပါလားလို့ အံအားတွေသင့်ပြီး နောက်ဆုံးတော့ ကဲ.. ကျောင်းသားပတ်စ်ပို့လေးပဲ လုပ်ကြတာပေါ့.. အလုပ်ဝင်မှ ပြောင်းရင်လည်း ပြောင်းရပါစေတော့ဆိုပြီး လျှောက်ခဲ့ရပါတယ်။ နောက်တစ်ပါတ်နေရင် စာအုပ်အသစ်သွားထုတ်ရပါမယ်။

ပတ်စ်ပို့နံပါတ်တွေ တစ်အုပ်ထုတ်၊ တစ်ခါပြောင်းဖြစ်နေတာ အတော်ကို အလုပ်ရှုပ်တဲ့ကိစ္စပါ။ ဘဏ်ကိစ္စ၊ ဗီဇာကိစ္စ၊ နောက်ဆုံး ဈေးဝယ်ရင်သုံးတဲ့ အသင်းဝင်ကဒ်ကိစ္စကအစ လက်ရှိပတ်စ်ပို့နဲ့ အရင်ပတ်စ်ပို့နံပါတ်တွေ ရှုပ်ပြီး ရှင်းရ၊ လင်းရတာ အကြိမ်ကြိမ်ဖြစ်နေလို့ စိတ်ကုန်နေရတဲ့ကြားထဲ ကျောင်းသားပတ်စ်ပို့ကနေ အလုပ်ပတ်စ်ပို့ ထပ်ပြောင်းရဦးမယ်ဆိုတော့.. အင်း.. သူများတွေ လက်လျှော့သွားကြတာလည်း မဆန်းဘူးလို့။

ပတ်စ်ပို့ကိစ္စပြီးတဲ့အခါ မိုးပေါ်ရထားစီးပြီး အိမ်ပြန်တော့ ပုံမှန်ဆင်းနေကြဘူတာရောက်လို့ အောက်ဆင်းမယ်အလုပ်မှာ ရေတွေက ဒူးလောက်မြုပ်တဲ့အနေဖြစ်နေပါရောလား။ အဲ့ဒါနဲ့ ငါးမရ၊ ရေချိုးပြန်မယ်ကွာဆိုပြီး ဓါတ်ပုံတွေရိုက်ပြီး ရထားကိုနောက်ပြန်ပြန်စီးပြီး ရေလွတ်တဲ့နေရာကနေ အိမ်ကို ကားစီးပြီး ပြန်ခဲ့ကြပါတယ်။ ကျမတို့အတွက် အဲ့လိုရေကြီးတာကို ခုမှတွေ့ဖူးလို့ အသစ်အဆန်းဖြစ်ပြီး ပျော်နေပေမယ့် ရေတွေက မည်းပြီး နံလည်းနံနေတော့ အဲ့ဒီအနီးအနားမှာနေတဲ့သူတွေ ဘယ်လောက်စိတ်ဒုက္ခ၊ လူဒုက္ခရောက်ကြမယ်ဆိုတာ တွေးပြီး စိတ်မသက်မသာဖြစ်ရသေးတယ်။

 
မော်ချစ် (MO CHIT) ကောင်းကင်ရထား၊ မြေအောက်ရထား ဘူတာရုံအနီးမှာပါ။

 


ဘတ်စ်ကားအကြီးတွေ၊ ထရပ်ကားတွေနဲ့ ပစ်ကပ်ကားအမြင့်တွေပဲ သွားလို့ရတဲ့အခြေအနေမှာ ထိုင်းစစ်တပ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ထရပ်ကားအမြင့်တွေနဲ့ ခရီးသွားတွေကို လမ်းထိပ် ရေလွတ်တဲ့နေရာကနေ ရေကြီးတဲ့နေရာတွေဖြတ်ပြီးမှ သွားလို့ရတဲ့ သွားလိုရာနေရာတွေအထိ အခမဲ့ ပို့ဆောင်ပေးပါတယ်။

ဒါကတော့ ရေကြီးတာကို ကောင်းကင်ရထားဘူတာရုံကနေ ဓါတ်ပုံရိုက်နေကြတဲ့ လူတွေပါ။
 
 မော်ချစ် ဘူတာရုံပေါ်မှ မြင်ကွင်း

မော်ချစ် ရထားဘူတာရုံအနောက်ဘက်ရှိ ဂျပ်တူးဂျပ် ပန်းခြံ၏ မြင်ကွင်း

မော်ချစ် ဘတ်စ်ကားမှတ်တိုင်

ပုံမှန်အားဖြင့် ကားတွေနဲ့ အမြဲပြည့်နေတတ်တဲ့ မော်ချစ် ကားရပ်ကွင်း



ရေကြီးနေတာတွေကို ဓါတ်ပုံရိုက်ပြီး အိမ်ပြန်ရောက်တဲ့အခါမှာတော့ ကိုယ့်အိမ်နားရေမကြီးပေမယ့် ရေကြီးခြင်းဒုက္ခကို ကိုယ်တွေ့ကြုံရပါပြီ။ ခြင်တွေ၊ ပုရစ်တွေ ဝင်လာမစဲ တသဲသဲပဲ။ နံရံတွေ၊ မျက်နှာကျက်ထောင့်တွေမှာ ခြင်တွေကို ခဲနေတာပဲ။ ခြင်တွေ များလွန်းလို့ ခြင်ဆေးဖျန်းပြီး အခန်းပိတ်ခဲ့ပြီး အပြင်ထွက်၊ နာရီဝက်လောက်နေတော့မှ အခန်းထဲပြန်ဝင်လာပြီး ပြုတ်ကျနေတဲ့ခြင်တွေကို တံမြက်စည်းလှည်းရင်း ခန့်မှန်းခြေရေကြည့်တာ အကောင်၃၀၀လောက်ရှိတယ်။ ခြင်ဆေးနံ့တွေကြောင့်ရယ်၊ ခြင်တွေ၊ ပိုးကောင်တွေကြောင့်ရယ်နဲ့ လူကို ရူးချင်ချင်တောင်ဖြစ်သွားတယ်။

အော်.. လူဖြစ်ရတဲ့ ဒုက္ခ..။

3 comments:

  1. အကျိုးရှိတာတွေ ရေးထားတာကို ည အလုပ်က ပြန်မှ သေချာဖတ်တော့မယ်..။

    ပုံ/
    ပေါက်

    ReplyDelete
  2. ဗမာသံရုံးနဲ့ ပတ်သတ်ရရင် ဒုက္ခရောက်ရတာချည်းပါလား။

    ReplyDelete
  3. ချစ်ပေါက်။ ။အကျိုးရှိတာတွေ ရေးထားတယ်ဆိုလို့ နည်းနည်းတောင် ရှက်သလိုဖြစ်သွားတယ်.. :D

    ချစ်ရတ။ ။ဒီက မြန်မာသံရုံးက ဆက်ဆံရေး အဆင်ပြေလို့ တော်သေးတယ်။ စလုံးကလူတွေ ပြောသလောက်ဆို စလုံးက မြန်မာသံရုံးက တော်တော်ဆိုးဆို.. :think:

    ReplyDelete