Tuesday 15 November 2011

ရေဘေးကယ်ဆယ်ရေး လုပ်အားပေးခြင်း

ဒီက နေရာ အတော်များများမှာ ရေကြီးတော့ သွားရေး၊ လာရေးတွေကလည်း ခက်လာတာကြောင့်ရယ်၊ တစ်ချို့ဝန်ထမ်းတွေရဲ့ အိမ်တွေလည်း ရေကြီးတဲ့အထဲပါသွားတာရယ်ကြောင့် ရုံးက ၂ပါတ်လောက်ပိတ်တော့ အလုပ်မသွားရတဲ့အချိန်မှာ အကျိုးရှိအောင် ရေဘေးလုပ်အားပေး သွားလုပ်ဦးမှပဲဆိုပြီး အင်တာနက်ကနေလိုက်ရှာကြည့်တော့ ဒုံမောင်းလေဆိပ်မှာရယ်၊ ကျူလာလောင်ကွန်းတက္ကသိုလ်မှာရယ် လုပ်အားပေးလို့ရတယ်ဆိုတာကိုတွေ့တာနဲ့ သူငယ်ချင်းတစ်ယောက်နဲ့ချိန်းပြီး ဒုံမောင်းလေဆိပ်ကို သွားလုပ်အားပေးကြတယ်။ 

ဒုံမောင်းမှာ Terminal ၃ခုရှိတာမှာ တစ်ခုကို ပြည်တွင်းခရီးသည်တွေ အတက်အဆင်းလုပ်ဖို့ ထားထားတယ်။ နောက်တစ်ခုကို ရေဘေးဒုက္ခသည်တွေအတွက် ယာယီဒုက္ခသည်စခန်း လုပ်ပေးထားတယ်။ နောက်ဆုံးတစ်ခုကို ဒုက္ခသည်တွေကို ဝေဖို့ ပစ္စည်းတွေ စုထားတဲ့၊ ထုပ်ပိုးတဲ့နေရာ လုပ်ထားတယ်။ 


ရေကြီးတဲ့ နယ်မြေ ၄ခုက လူတွေကို စုပြီး ထားထားတယ် ပြောပါတယ်။ အိမ်မှာပဲ နေနေရပြီး အပြင် မထွက်ဖြစ်ရင်တောင် ၂-၃ရက်ထက် ပိုမနေနိုင်တာ.. သူတို့လိုသာ အဲ့လို ရွက်ဖျင်တဲထဲမှာ လူ၂ယောက်၊ ၃ယောက်စုနေရရင်၊ အဲ့ဒီအထဲမှာ တကိုယ်ရေ အသုံးအဆောင် ပစ္စည်းတွေလည်း ထည့်ထားရသေးရင်၊ ၁ရက်၊ ၂ရက်ပဲ မဟုတ်ဘဲ ဘယ်လောက်ကြာကြာနေရမယ် မသိတဲ့ဘဝမှာ တော်တော်ကို စိတ်ဆင်းရဲရမှာပဲ။

ရွက်ဖျင်တဲနဲ့ နေတဲ့သူတွေ အဝတ်လှန်းတဲ့နေရာ (ဓါတ်ပုံရိုက်ရတာ နည်းနည်းအားနာတာနဲ့ လမ်းလျှောက်ရင်းပဲ မသိမသာရိုက်သွားတာမို့ ပုံတွေ ဝါးနေတာ ဆောရီးပါ။)

 ဒုက္ခသည်တွေထဲမှာ ကလေးငယ်တွေလည်း ပါတာကြောင့် ကလေးတွေက တော်ရုံနည်းနဲ့ ငြိမ်အောင်ထားလို့ရတာမဟုတ်တော့ ကလေးတွေပျော်အောင် အရုပ်လေးတွေဝေ၊ ဘောလုံးလေးတွေဝေတာမျိုးကို လေကြောင်းဝန်ထမ်းတွေက လုပ်ပေးနေကြတာပါ။ အခုပုံက အဝါရောင်ဝတ်ထားတဲ့သူတွေက Nok Airကပါ။

ရွက်ဖျင်တဲမလောက်တော့တဲ့အခါ ကျန်တဲ့မိသားစုတွေကို ဖျာပဲ ခင်းပေးနိုင်တော့တယ် ထင်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေ ကျရောက်တဲ့အခါ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပဲ များသောအားဖြင့် တရားခံဖြစ်ကြရပါတယ်။ ခုလို လူတွေအများကြီးနဲ့ ပေါင်းနေရတဲ့အခါမှာ နို့ဗူးဆေးဖို့၊ နို့ဗူးဖျော်ဖို့ကအစ အတော်ကို ဒုက္ခများရမှာပဲ။ မြေညီထပ်မှာတော့ ကလေးတွေအတွက် အဟာရဝေပေးနေတာကို တွေ့ခဲ့ပါတယ်။ သိပ်ငယ်တဲ့ကလေးတွေ အဟာရစားလို့မရသေးတဲ့ ကလေးတွေအတွက်တော့ ဘယ်လိုလုပ်သလဲ မသိ။

အဲ့ဒီကို လုပ်အားပေးလာကြတဲ့သူတွေ မနည်းမနောပဲ။ လူငယ်တွေ၊ လူကြီးတွေ၊ နိုင်ငံသားတွေ၊ နိုင်ငံခြားသားတွေ အစုံပဲ။ ပစ္စည်းတွေကို လူတန်းကြီးလုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် လက်ဆင့်ကမ်းပြီး ပစ္စည်းသယ်ကြရတာက များတယ်။ တွေ့ခဲ့ရသလောက်က ဆန်အိတ်၊ အိုဗာတင်းဗူး၊ အဝတ်အစား၊ လူသုံးကုန်ပစ္စည်း အစုံအလင်၊ ဆေးပစ္စည်းသေတ္တာနဲ့ တစ်ခြားလိုအပ်မယ့် ပစ္စည်းလေးတွေ စုံစုံစေ့စေ့ထည့်ပေးထားတယ်။ လုပ်အားပေးအင်အားက များလွန်းလို့ ဒီလောက်များတဲ့ အလုပ်တွေကိုတောင် တစ်နေရာစာရဖို့ လွတ်တဲ့နေရာကို အတော်လိုက်ရှာရတယ်။ ကျမနဲ့ သူငယ်ချင်းတောင် ပြောဖြစ်သေးတယ်.. အလုပ်တစ်နေရာစာရဖို့ ဘယ်နေရာမှာမဆို အတော်လုံးပမ်းရတာပဲဆိုပြီး။ 





 ဒုက္ခသည်တွေကို လိုက်ဝေဖို့ လူသုံးကုန်ပစ္စည်းတွေ သေချာကို စုံစုံစေ့စေ့ထည့်ပေးထားပါတယ်။ စားသောက်စရာ ဆန်၊ ခေါက်ဆွဲက စလို့၊ ရေချိုးခန်းသုံး ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ပျော့ဆေး၊ ဆပ်ပြာမှုန့်၊ တစ်သျူး၊ ကျန်းမာရေးအတွက်လည်း  လိုအပ်မယ့်ဆေးအမျိုးမျိုးကို အပေါ်က ဒုတိယပုံမှာပါတဲ့အထုပ်ထဲမှာ တစ်အိမ်စာ အပြည့်အစုံ ထည့်ပေးထားပါတယ်။


အိုင်ဖုန်းကို စွဲနေတာ လူတွေပဲ မဟုတ်ဘူးဆိုတဲ့ သက်သေပုံနဲ့ ဒုံမောင်းက အချိန်မရွေး ရေနစ်သွားနိုင်တဲ့ အခြေအနေကြောင့် လှေတွေ အသင့်ဆောင်ထားတဲ့ပုံပါ။ 

အဲ့ဒီ လုပ်အားပေးသူတွေအတွက် ချက်ပြုတ်ရေးတာဝန်ခံ ရ-၈ယောက်လောက် ရှိမယ်။ အစားအသောက်တွေကို အချိန်ပြည့် ဆာတဲ့အချိန်သွားစားဖို့ ဘေးဘက်တစ်နေရာမှာ တန်းစီချထားပေးတယ်။ ဆာတဲ့သူတွေက တန်းစီပြီး ကိုယ်စားချင်တာ သွားယူစားရုံပဲ။ တော်တော်ကို စနစ်တကျလုပ်ထားပေးတယ်။ အဲ့ဒါတွေကို ကြည့်ပြီး ကိုယ့်တိုင်းပြည်မှာဆိုရင်ဆိုတာကို တွေးမိတော့ စိတ်မကောင်းဘူး။ အခု ဒီရေဘေးသင့်တာက နာဂစ်ဖြစ်တုန်းကထက် နယ်မြေအကျယ်အဝန်းအားဖြင့် ပိုကျယ်ပြီး အချိန်လည်း အများကြီး ပိုကြာပေမယ့် သူတို့တွေက လူနဲ့တူအောင် နေရပြီး၊ အပံပိုးခံရပြီးတော့ ကိုယ့်ဆီကလူတွေမှာတော့ အလှူရှင်က လှူတဲ့ပစ္စည်းတွေကိုတောင် ဒုက္ခသည်တွေဆီ ရောက်အောင်မပို့ပေးနိုင်တာ တော်တော်ရင်နာစရာပဲ။ ဝဋ်ရှိလို့ခံရတယ်ဆိုရင်လည်း ဒီဝဋ်ကြွေးတွေ မြန်မြန်ကျေကြပါစေ ဆုတောင်းပါတယ်။

နောက်တစ်ခါ လုပ်အားပေးသွားကြမယ်ဆိုတော့ ဒုံမောင်းက ရေနစ်တော့မှာလိုလို၊ ရေနစ်သွားပြီလိုလိုပြောနေကြတာကြောင့်ရယ်၊ အဲ့ဒီမှာ လုပ်အားပေးတဲ့ လူတွေက အရမ်းကို များတာကြောင့်ရယ်နဲ့ မသွားဖြစ်တော့ဘူး။ ဖေ့စ်ဘွတ်ခ်မှာ သူငယ်ချင်းတစ်ယောက်က ကျူလာလောင်ကွန်းတက္ကသိုလ်မှာ Mobile Toilet တွေလုပ်ဖို့ လုပ်အားပေးတွေ လိုနေပါတယ်။ အလုံးရေ ၁၀,၀၀၀လောက် လုပ်ရမှာလို့ ရေးထားတာ တွေ့တာနဲ့ ကျူလာကို ရောက်သွားကြပြန်ပါရော။ ကျူလာတက္ကသိုလ်ဝင်းက တော်တော်ကြီးကို ကြီးတာ အဲ့တော့မှပဲ သိတော့တယ်။ သူငယ်ချင်းက လမ်းသေချာညွှန်လိုက်လို့သာ တော်တော့တယ်။ 

တက္ကသိုလ်ဝင်းထဲက လုပ်အားပေးနေရာရောက်တော့ များလိုက်တဲ့ လူငယ်တွေ။ ဒုံမောင်းတုန်းက တွေ့ခဲ့တဲ့လူတွေရဲ့ ၃-၄ဆလောက်ရှိမယ်။ ပစ္စည်းသယ်၊ ပစ္စည်းထုပ်တဲ့နေရာမှာ။ အဲ့ဒီမှာ ကြီးကြပ်သူ လူငယ်လေးတွေက အော်လံလေးတွေကိုယ်စီကိုင်ပြီး ဘယ်ကိုသွား၊ ဘာလုပ် စသဖြင့် ညွှန်ကြားနေကြတယ်။ အဲ့ဒါနဲ့ သူတို့ကို Mobile Toilet လုပ်တာ ဘယ်မှာလဲ မေးပြီး အဲ့ထဲက တစ်ယောက်က လိုက်ပို့တာနဲ့ နောက်အဆောင်တစ်ခုကို ရောက်လာပါတယ်။ အဲ့ဒီမှာလည်း လုပ်အားပေးနေတဲ့ လူငယ်တွေ မနည်းမနောပါပဲ။ Mobile Toilet လုပ်ရတာ လက်ဝင်ပြီး တော်တော် ပင်ပန်းပါတယ်။ ဒီက တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား လူငယ်လေးတွေက ဖြူဖြူနုနုလေးတွေ များတာကြောင့် ဒီနေရာမှာ လူသိပ်ရှိမယ်မထင်ခဲ့တာ ရောက်တော့မှ သူတို့ကို တော်တော်အထင်ကြီးသွားပါတယ်။

ထိုင်ခုံကို အိမ်သာအဖြစ်သုံးဖို့ အချောကိုင်နေတဲ့ လူငယ်တွေ

အဲ့ဒီမှာ ပလတ်စတစ်ထိုင်ခုံတွေကို ကျောင်းသား၃ယောက်လောက်က ဒိုင်ခံပြီး စက်လွှနဲ့ ဆဌဂံပုံ ဖြတ်ပေးတယ်။ အဲ့ဒီ ဖြတ်ထားတဲ့ခုံနဲ့ ဖြတ်ထုတ်ထားတဲ့ ဆဌဂံပုံကော်ပြားကို အနားတွေ ချောနေအောင် တိုက်ပြီး အဲ့ခုံကို ကျွတ်ကျွတ်အိပ်စွပ်ပြီး အိမ်သာအဖြစ် သုံးပြီး ဖြတ်ထုတ်ထားတဲ့ ကော်ပြားလေးကို အဖုံးအဖြစ်နဲ့သုံးကြမှာ။ အဲ့ဒီမှာ လက်အိတ်၊ ကော်ပတ်အကြမ်းနဲ့ တံစဉ်းတွေ ပုံးလိုက်ချပေးထားတယ်။ ဘေးအနားတွေကို အဲ့ဒါတွေသုံးပြီး အားလုံး ချောမွတ်သွားအောင် တိုက်ရတာ။ လုပ်ပြီးသွားရင် အရည်အသွေးစစ်ဆေးရေး တာဝန်ခံ ၆-၇ယောက်ဆီ သွားပို့ရတယ်။ သူတို့က လက်နဲ့ ပတ်လည် သေချာ စမ်းကြည့်ပြီး နဲနဲလောက်ကြမ်းနေတာ၊ ထစ်နေတာလေးတွေရှိရင် အဲ့ဒါတွေကို ပြန်အချောသတ်ခိုင်းတယ်။ မဟုတ်ရင် အိတ်စွပ်ပြီး သုံးတော့မှာ အိတ်နဲ့ ငြိပြီး အိတ်ပေါက်သွားရင် ဒုက္ခပိုများသွားမှာဆိုတော့။

ဖြတ်ပြီး သေချာ မချောထားရသေးတဲ့ ခုံပုံစံ

အဖုံးကော်ပြားလေးတွေကို အနားတွေ ချောအောင် တိုက်နေကြတဲ့ လူငယ်တွေ

 QC Pass ဖြစ်ပြီးသား အိမ်သာခုံတွေ

ကိုယ့်ဘာသာကိုယ် အနားချောအောင် တိုက်ထားတဲ့ ခုံကို ဓါတ်ပုံရိုက်ဖို့ မေ့သွားလို့ အဖုံးလေးတွေကိုပဲ ရိုက်ထားလိုက်တာ

အဲ့ဒီရက်က နေ့တဝက်လုံးလုပ်တာကို ခုံတစ်လုံးနဲ့ အဖုံး၂ခုစီပဲ ပြီးတယ်။ ဒါတောင် လူက လက်သိပ်မမြောက်နိုင်တော့ဘူး။ ညနေ ၆နာရီလောက်မှာ ခုံကိစ္စတွေ လက်စသိမ်းပြီး၊ လှေတွေသယ်ဖို့ လူလိုတယ်ဆိုတာနဲ့ လှေတွေဝိုင်းသယ်ပြီး ပြီးတာနဲ့ အိမ်ကိုပြန်ခဲ့ကြပါတော့တယ်။ 

4 comments:

  1. နောက်ဆုံးတော့မလာတာကိုး။

    ReplyDelete
  2. သာဓု သာဓု သာဓု ပါခင်ဗျာ

    ReplyDelete
  3. အဲဒီလူတွေ ထိုင်းမှာမို့ တော်သေးတာပေါ့နော်။

    ReplyDelete
  4. @Ma KOM: တကယ်တော့ အဲ့ဒီက လှေမျိုး တစ်စီးလောက် တကယ်ကို လိုချင်နေတာ.. မလာလိုက်ရမှာ.. :ap:

    @ Ko Mg Thant: လာလည်တဲ့အတွက် ကျေးဇူးပါ။

    @ Rita: တို့ဆီက လူတွေလည်း လူအစစ်တွေပါ။ လောကကြီးက မညီမျှခြင်းတွေနဲ့ပဲ ပြည့်နေတဲ့နေရာတစ်ခုလား.. :think:

    ReplyDelete