Wednesday 16 November 2011

တစ်ချိန်က မြန်မာ လေဘေး (ခ) နာဂစ်


မနေ့က ရေးခဲ့တဲ့ပို့စ်မှာ ရီတာရေးထားတဲ့ကွန်မန့်ကို တွေ့တော့ ကိုယ့်ဘာသာကိုယ် ကိစ္စတွေက ဆက်စပ်ပြီး ခေါင်းထဲကို မရောက်လာတာ နည်းနည်းကြာပြီဖြစ်တဲ့ မြန်မာပြည်က နာဂစ်ကို သတိရမိသွားတယ်။

အဲ့ဒီတုန်းက တိုက်တိုက်ဆိုင်ဆိုင် နာဂစ်ဖြစ်မယ့်နေ့ မနက်ပဲ ရန်ကုန်ကို ပြန်ရောက်ပြီး နာဂစ်ရဲ့ဒဏ်တွေကို ကိုယ်တွေ့ကြုံခဲ့ရတယ်။

  • အဲ့ဒီနေ့ညက လေပြင်းတွေတိုက်၊ မိုးတွေသည်းနဲ့ အိမ်အမိုးတွေ လန်ကုန်ပြီး အိပ်နေတဲ့အပေါ် မိုးတွေပက်တာ၊ 
  • အပင်တွေက လေအရှိန်ကြောင့် ယိမ်းထိုးပြီး အိမ်ကို တုန်ခါနေအောင် လာရိုက်တာ၊ 
  • မနက်မိုးလင်းလို့ အိမ်အောက်ဆင်းတော့ အိမ်အောက်ထပ်မှာ ရေက ဒူးခေါင်းလောက်ဝင်နေတာ၊ 
  • မီးသတ်ကို ဖုန်းဆက်ပြီး ရေစုပ်စက်နဲ့ ရေစုပ်ထုပ်ဖို့ လှမ်းဆက်သွယ်တော့မှ လမ်းထဲမှာရော၊ လမ်းထိပ်မှာပါ အပင်တွေလဲ၊ ဓါတ်တိုင်တွေကျိုးနဲ့မို့ ကားတွေ ဝင်လို့၊ ထွက်လို့ မရကြောင်း သိလိုက်ရတာ၊
  • ရေသုံးစရာ မရှိလို့ ရေသန့်ဗူးတွေမှာပြီး ရေကို ချွေချွေတာတာ သုံးခဲ့ရတာ၊
  • မီးမလာလို့ စားစရာ ချက်လို့ မရလို့ တစ်နေ့လုံးနီးပါး ရေသောက်နေခဲ့ရတာ၊
  • လမ်းထဲက အမြင့်ပိုင်း အိမ်တစ်အိမ်က နို့ဆန်ပြုတ်တွေ လိုက်ဝေလို့မှ ဘယ်တုန်းကမှ နှစ်နှစ်သက်သက်မစားခဲ့တဲ့ နို့ဆန်ပြုတ်ကို နတ်သုဒ္ဒါလို အားပါးတရ စားခဲ့ကြတာ၊
  • ကားလမ်းတွေ သွားလို့ရပြီဆိုတော့ အိမ်ပြန်ပြင်ဖို့ အလုပ်သမားရဖို့ကို သာကေတအထိ သွားခေါ်ခဲ့ရတာ၊
  • အလုပ်သမားတွေက သူ့အိမ်သူပြင်ရမှာမို့ မအားတဲ့အခါ နေမကောင်းဖြစ်နေလို့ ဒရစ်ပ်သွင်းထားရတဲ့ အကိုက သေချာအားမရှိသေးပဲနဲ့ ခေါင်မိုးပေါ်တက်ပြီး အမိုးလန်သွားတာတွေကို တက်ပြင်ခဲ့ရတာ၊
  • ရက်အတော်ကြာတဲ့အထိ ဓါတ်တိုင်တွေကို လာမပြင်သေးလို့ တော်တော်နဲ့ မီးမလာတာ၊
  • အခြေအနေတွေ နည်းနည်းငြိမ်သွားတော့သူငယ်ချင်းတွေစုပြီး ရေဘေးသင့်ဒေသတွေကို အခြေခံ စားသောက်ကုန်တွေလှူတော့၊ လှူဖို့ ဝယ်ပေးလိုက်တဲ့ဆန်တွေကို ဝက်စာလိုဆန်တွေနဲ့ အလဲခံလိုက်ရတာ၊
  • လှူချင်ရင် အလှူပစ္စည်းတွေကို ကိုယ်တိုင်ကိုယ်ကျ မလှူရဘဲ ကြံ့ဖွံ့တို့ စစ်တပ်တို့ လက်ထဲအပ်ပြီး သူတို့ ဝေခြမ်းပေးတာကို ခံရမယ်ဆိုတာ၊
  • ကိုယ်တိုင်လှူချင်ရင် တစ်ချို့ သူတို့မရောက်နိုင်တဲ့နေရာတွေကိုသွား၊ အဲ့ဒီဒေသကို ပိုင်တဲ့ ရွာဘုန်းတော်ကြီးကို တိုင်ပင်၊ လျှောက်ထားပြီး တိုးတိုးတိတ်တိတ်လှူရတာ၊
  • ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေက ဒုက္ခသည်တွေအတွက်ဆိုပြီး လှူတဲ့ ပစ္စည်းတွေကို သမိုင်းလမ်းဆုံ၊ မင်္ဂလာဈေးနဲ့ လမ်းဘေးတွေမှာ တစ်ချို့ဆို တံဆိပ်တောင်မဖြုတ်ဘဲ မှောင်ခိုရောင်းနေတာ။

ဒါတွေက အကြားနဲ့ မဟုတ်ဘဲ ကိုယ်တိုင် မြင်တွေ့ခဲ့ရတာတွေပါ။ လူချင်းတူပေမယ့် အကျိုးပေးခြင်း ကွာခြားတယ်ဆိုတာ ဒါကို ပြောတာလား...။ မနာတတ်တဲ့ ရင်ဘတ်ဆိုတာရှိရင် လိုချင်ပါတယ်။

ဝန်ခံချက်။   ။ ဓါတ်ပုံကို သူငယ်ချင်းတစ်ယောက်ထံမှ တောင်းယူထားပါတယ်။

2 comments:

  1. တနေ့လုံးနီးပါးရေသောက်တယ်ပြောတာကို တပတ်လုံးနီးပါးလို့
    ဖတ်မိတယ်...။
    နောက်တခေါက်ထပ်ဖတ်တော့မှ တစ်နေ့ဆိုတာ ဖတ်မိတယ်..။
    ကိုယ်တွေ့ပြောတာ အခုမှ သိရတော့တယ်.။
    အွန်လိုင်းမှာ ပုံတွေ တွေ့ရတယ်။
    ဒီကအသိတွေဆီကအလှူငွေတွေကောက်ဖူးတယ်....။

    ReplyDelete
  2. ဟီး.. တပါတ်လုံးသာ ရေသောက်နေရရင် အစာငတ်မသေဘဲ ကိုယ့်ကိုယ်ကို အသနားလွန်ပီး သေသွားမှာပဲ ပေါက်ရေ..။

    ReplyDelete