Saturday 19 November 2011

Orthodontic Treatment - Part I

သွားများကို ညီညာ ဖြောင့်တန်းအောင် ပြုပြင်ခြင်း (ခ) Orthodontic Treatment

ငယ်ငယ်တုန်းက သတိမထားမိပေမယ့် ကြီးလာတဲ့အခါ၊ အထူးသဖြင့် နိုင်ငံခြားကို ရောက်ပြီးတဲ့နောက်ပိုင်းမှာ ရုပ်ရှင်တွေထဲမှာရော၊ အပြင်လောကမှာပါ အဖြူတွေ၊ ထိုင်းတွေ သွားလေးတွေ ညီပြီး ဖြောင့်တန်းနေတာ တွေ့တော့ အရမ်း သဘောကျမိတယ်။

ဟိုးအရင်က လူကြီးတွေပြောနေတာကို ကြားဖူးနေတာက အရင်ဘဝတုန်းက စကားကို ညာပြောတဲ့သူတွေက သွားမညီတာဖြစ်တတ်တယ်၊ ဒီဘဝမှာ စကားကို ညာပြောတဲ့သူတွေက ခံတွင်း အနံ့ဆိုးတတ်တယ်၊ ညာမပြောခဲ့တဲသူတွေမှ သွားလေးတွေက ညီပြီး လှနေတာ ဆိုတော့ အော်.. ငါအရင်ဘဝတုန်းက တော်တော် ညာပြောခဲ့ပုံရတယ်လို့ ထင်ထားခဲ့တာ။ နောက်တော့မှ ဘယ်ဟုတ်မလဲ၊ သွားလေးတွေ ညီနေတဲ့လူတိုင်းက သဘာဝအတိုင်း ညီနေတာ မဟုတ်ဘူးဆိုတာကို သိတော့တယ်။

ဒီကလူတွေက များသောအားဖြင့် စီးပွားရေးအရလည်း တတ်နိုင်တယ်ဆိုရင် သူတို့သား၊သမီးတွေကို အသက် ၁၂-၁၄အတွင်း သွားတွေကို ဘရေ့စ်တွေ (Braces) တပ်ပြီး ပြင်တဲ့ Orthodontic treatment လုပ်ပေးကြတယ်။ ဆိုတော့ ကလေးတွေက အရွယ်ရောက်တဲ့အခါ သွားလှလှလေးတွေနဲ့ချည်း ဖြစ်နေတော့တာပေါ့။ အမေရိကတို့၊ ဥရောပတို့လို အနောက်နိုင်ငံက လူတွေလည်း အဲ့လိုပဲဆိုတာ အင်တာနက် စာမျက်နှာတွေထဲမှာ တွေ့တော့မှ ငယ်ငယ်က မဟုတ်တဲ့မှိုင်းတွေ အတော်မိခဲ့ပါလားဆိုတာ သိတော့တယ်။

အဲ့ဒါတွေကို သိပြီးနောက်မှာ ကိုယ်ဖြစ်ချင်တဲ့အရာကို ဖြစ်အောင်လုပ်နိုင်ခွင့် လူတိုင်းမှာရှိတယ်၊ ဒီတော့ ငါလည်း သွားညီညီလေးတွေ လိုချင်တာကို ဖြစ်အောင်လုပ်မယ်ဆိုပြီး အင်တာနက်ထဲမှာ လျှောက်ရှာ၊ Pros & Consတွေ ရှာဖတ်၊ လုပ်ဖူးတဲ့သူတွေကို မေးပြီး အကြံဥာဏ်တောင်း၊ အားလုံးစုံတဲ့အခါမှာတော့ ဒီက ဆေးရုံ တစ်ရုံမှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ညွှန်းတဲ့ ဆရာဝန်မနဲ့ပြပြီး လုပ်ဖြစ်သွားခဲ့ပါတယ်။

အင်တာနက်မှာ သူများတွေရဲ့ အတွေ့အကြုံတွေကို လိုက်ရှာဖတ်တော့ အမေရိကန်မလေးတစ်ယောက်က သူ့ရဲ့ လစဉ် အခြေအနေလေးတွေကို ပို့စ် တင်ပေးထားတာ တွေ့ရတော့ အဲ့ဒါလေးက ကျမကအတွက် ဆုံးဖြတ်ချက်ချဖို့ အတော်ကို အသုံးဝင်ခဲ့ပါတယ်။ သူ့လုပ်ရပ်လေးကို သဘောကျလို့လည်း ကိုယ့်အတွေ့အကြုံကို ကိုယ့်အတွက်ကိုယ်လည်း သိမ်းလို့ရ၊ သိချင်သူရှိလည်း ဖတ်လို့ရအောင် ပို့စ်အဖြစ် တင်လိုက်တာပါ။

သွားပြင်တာကို လုပ်မယ်လို့ ဆုံးဖြတ်ပြီးတဲ့အခါ အိမ်ကိုပြောတော့ အိမ်ကလူတွေက သိပ် သဘောမတူကြဘူး။ သူတို့အမြင်မှာ ဘာမှ ရုပ်ပျက်၊ ဆင်းပျက်ဖြစ်နေတာလည်း မဟုတ်ဘဲနဲ့ သွားအကောင်းတွေကို အနည်းဆုံး ၄ချောင်းလောက် နှုတ်ရမယ်၊ ၃နှစ်ခွဲ ဘရေ့စ်တွေ (Braces) ဝတ်ထားရမယ်၊ အစားအသောက်ပျက်မယ်၊ သွားတွေ၊ သွားဖုံးတွေ၊ ပါးစောင်တွေ နာမယ်၊ ပိုက်ဆံတွေလည်း ကုန်ဦးမယ် ဆိုပြီး။ ဒါပေမယ့် ကျမက ငယ်ကတည်းက လုပ်ချင်တာတွေကို လုပ်နေကြဆိုတော့ အရမ်းတော့ မတားကြဘူး။ တားလည်း ရမှာ မဟုတ်ဘူးလို့ သိနေတာလည်း ပါမှာပေါ့လေ။

ဒီပုံတွေက မပြင်ခင်မှာ သွားအနေအထားတွေပါ။





သွားပြင်ဖို့အတွက် ပထမဆုံး ဆေးရုံကို ဖုန်းနဲ့ ရက်ချိန်းယူ၊ ဆေးရုံကိုသွား၊ ဆရာဝန်မက ဘယ်လောက် အချိန်အတွင်း သွားပြင်တာကို လုပ်ချင်သလဲဆိုပြီး အကြမ်းဖျင်းကုန်ကျစရိတ် စာရွက်တစ်ရွက်ထုတ်ပေးပြီး မေးပါတယ်။ ၁နှစ်အတွင်း၊ ၂နှစ်အတွင်း၊ ၃နှစ်ခွဲအတွင်း စသဖြင့် အချိန်ပေါ်မူတည်ပြီး ဈေးတွေလည်း ကွာသွားပါတယ်။ အကြာဆုံးက အသက်သာဆုံးနဲ့ အဆင်အပြေဆုံး ဖြစ်မယ်လို့ ပြောပါတယ်။ သွားတွေကို အရိုးပေါ်ကနေ ရွှေ့တာဖြစ်လို့ အချိန်ပေးပြီး ဖြည်းဖြည်းချင်း ရွှေ့သွားဖို့ ပြောပါတယ်။ အဲ့ဒါနဲ့ ကျမလည်း ၃နှစ်ခွဲအတွင်းကိုပဲ ရွေးလိုက်ပါတယ်။

ပြီးတဲ့အခါ သွားတွေကို စစ်၊ ပါးစပ်ထဲကို ပန်းရောင်အနှစ်တွေထည့်ပြီး သွားပုံစံယူ၊ သွားတွေကို ဓါတ်မှန်ရိုက်ခိုင်း၊ သွားတွေမှာ ဘရေ့စ်လေးတွေကို ကြိုးမတပ်ပေးလိုက်သေးဘဲ သူ့ချည်းတပ်ပေးလိုက်ပြီး တခြားဆရာဝန်အငယ်တစ်ယောက်ဆီကို သွားသန့်ရှင်းလုပ်ဖို့၊ သွားပေါက်ဖာဖို့နဲ့ သွားနှုတ်ဖို့ လွှတ်လိုက်ပါတယ်။


ဒီပုံကို စမြင်မြင်ချင်း ကိုယ့်ဖာသာကိုယ်တောင် တော်တော်လန့်သွားတယ်။ အောင်မလေး.. ဆိုပြီး။


ကျမသွားတွေက တော်တော်ထပ်နေတယ်ဆိုပေမယ့် သူတို့က ဘယ်လောက်ဒုက္ခပေးမလဲဆိုတာကို အဲ့ဒီတော့မှပဲ သိပါတော့တယ်။ ကျမက Floss တိုက်လေ့မရှိတာလည်း ပါလို့ ဖြစ်မယ်၊ သွားတချောင်းနဲ့ တစ်ချောင်းကြားမှာ Decayတွေ ဖြစ်နေတာ စုစုပေါင်း ၁၁ချောင်း ဖာလိုက်ရတယ်။ မသိလို့ မလုပ်သာ မလုပ်ဖြစ်ခဲ့ရင် နောင်ကြာတဲ့အခါ သွားတွေ လုံးပါးပါးပြီး အကောင်းသိပ်ကျန်တော့မှာ မဟုတ်ဘူး။ ၁ခါဖာရင် ၃-၄ချောင်းစီနဲ့ ၃ကြိမ်လောက် သွားခဲ့ရတယ်။ တစ်ကြိမ်ထဲနဲ့ဆို ပါးစပ်ဟထားရတာ၊ သွားတွေကျင်တာ မခံနိုင်မှာစိုးလို့။

သွားတွေဖာပြီးတော့ ထပ်နေတဲ့သွားတွေကို နေရာရွှေ့ဖို့အတွက် နေရာရအောင် တစ်ချို့သွားတွေကို နှုတ်ရမှာမို့ ကျမရဲ့ ပင်တိုင်ဆရာဝန်မဆီ ပြန်ရောက်လာပြီး ဘယ်သွားတွေကို နှုတ်ရမယ်ဆိုတဲ့ သူ့ဆုံးဖြတ်ချက်ကို သွားယူရပါတယ်။ အဲ့ဒီမှာ သူက အရင်ရက်က ရိုက်ထားတဲ့ ဓါတ်မှန်ကိုပြပြီး ကျမသွားတစ်ချောင်းက အာခေါင်ထဲမှာ သွားနှစ်ချောင်းရဲ့ အမြစ်ကြားမှာ ရှိနေတယ်၊ အဲ့ဒီအတွက် ပုံမှန်အတိုင်းသွားလို့ မရတော့ဘူး၊ ဒီသွားကို ခွဲခန်းဝင်ပြီး ခွဲထုတ်ရလိမ့်မယ်လို့ ပြောပါတယ်။

သူက အဲ့လိုပြောတော့ ကျမလည်း နည်းနည်းစိတ်ညစ်သွားတယ်။ ပြင်မယ်လို့ ဆုံးဖြတ်လိုက်မိတာပဲ မှားသွားပြီလား၊ မပြင်တော့ဘဲ နေရင်ပဲ ကောင်းမလားလို့ ဇဝေဇဝါဖြစ်သွားတယ်။ ဒါပေမယ့် ဖြစ်ခါမှ ဖြစ်ရော လုပ်လိုက်ပါမယ်ဆိုပြီး ခွဲထုတ်လိုက်တယ်။ ခွဲခန်းထဲမှာ ၃နာရီခွဲလောက်ကြာမယ်၊ ပါးစပ်ဟထားရတာလည်း ညောင်းတာ သေတော့မယ်၊ ဆရာဝန်ကလည်း တော်တော်ကို လုံးပန်းရရှာတာ၊ ထုံဆေး ၅ချက်လောက် ထိုးထားလို့သာ တော်သေးတယ်။

အဲ့လိုနဲ့ပဲ အပေါ်သွား ၂ချောင်း၊ အောက်သွား ၁ချောင်းကို နှုတ်ပြီး ဘရေ့စ်တွေကို နန်းကြိုးတပ်ပေးလိုက်တယ်။ ဆရာဝန်မကတော့ ပြောလိုက်တယ်.. အစပိုင်းမှာ အစာမာတွေ စားနိုင်မှာ မဟုတ်ဘူး၊ ဆန်ပြုတ်၊ ခေါက်ဆွဲပြုတ်၊ ဒိန်ချဉ်၊ နို့ စတာတွေနဲ့ အသက်ဆက်ဖို့။ ဒါပေမယ့် လုပ်ချင်တာ လုပ်သူ ကျမက စိတ်လိုက်မာန်ပါ စားချင်တာကို အနာခံပြီး စားလိုက်တာ.. အောက်သွားက ဘရေ့စ်လေးတွေ တရက်မှာ ၁ခု၊ ၂ခု ပြုတ်ထွက်ရာက စုစုပေါင်း ၄ခု ပြုတ်ထွက်သွားတယ်။ ပြုတ်ထွက်သွားဆို သူတို့က အပေါ်သွားနဲ့ သွားခုနေတာကိုး။ အစားသောင်းကျန်းသူ အပြစ်သက်သက် လုံးဝ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို ကာကွယ်လိုက်တယ်။ အဲ့တုန်းကဆို အစာတောင် ရဲရဲမမြိုချရဲဘူး၊ ဘရေ့စ်လေးတွေကို မြိုချမိမှာစိုးလို့ filter ခံပြီး မြိုချရတယ်။

ဆေးရုံကို ဖုန်းလှမ်းဆက်ပြီး ငါ့ဘရေ့စ်လေးတွေတော့ ပြုတ်ထွက်ကုန်ပြီ.. ဘယ်လိုလုပ်ရမလဲဆိုတော့.. ပြုတ်ထွက်သွားတာလေးတွေကို သိမ်းထားလိုက်တဲ့.. ပျောက်သွားရင် ပိုက်ထပ်ပေးရမှာတဲ့.. နောက်တစ်ခေါက် ဆရာဝန် ရက်ချိန်းရှိတော့မှ ယူခဲ့ပြီး ပြန်တပ်လိုက်ပါဆိုတာနဲ့ ဒီအတိုင်း သိမ်းထားလိုက်တယ်။

သွားတွေကို ဘရေ့စ်တပ်ပြီးတဲ့နောက် ဘာစားစား၊ စားပြီးတာနဲ့ သွားတိုက်ရတယ်၊ floss တိုက်ရတယ်၊ mouth wash နဲ့ ဆေးရတယ်၊ အလုပ်ကို ရှုပ်နေတာပဲ။ မတိုက်ရင် နေလို့ကို မရဘူး၊ ကြိုးတွေကြားထဲ အစာတွေက ဝင်နေတတ်တာဆိုတော့၊ စိတ်ထဲမှာ ပါးစပ်ထဲကို အမှိုက်ပုံကြီးပဲ ရောက်နေသလိုလို၊ မသတီလိုက်တာဆိုတာ အရမ်းပဲ။ အရင်က တစွတ်စွတ်စားကျင့်ရှိပေမယ့် အလုပ်ရှုပ်တာနဲ့ပဲ တရက် သုံးခါပဲစားပြီး ရေသောက်နေလိုက်တော့တယ်။

သွားမှာ တပ်ထားတဲ့ကြိုးတွေကို တစ်လ၊ တစ်ခါလဲရတယ်။ ဆရာဝန်မက လိုအပ်သလို ပြန်ပြီး အတိုးလျှော့လုပ်ဖို့။ ပထမလတုန်းက ဘရေ့စ်လေးတွေကို ဘာအရောင် သရေကွင်းလေးတွေ တပ်ချင်လဲဆိုတော့ မသိသာအောင် အကြည်ရောင်တပ်မယ်ဆိုပြီး ရွေးလိုက်တာ.. အကြည်ရောင်က တဖြည်းဖြည်း အရောင်ပြောင်းပြီး ဝါကျင်ကျင်ဖြစ်သွားတယ်။ နောက်တလကျတော့ ဘယ်ရမလဲ၊ အရင်က လုပ်ဖူးတဲ့ သူငယ်ချင်းကို မေးလိုက်တယ်.. ဘာအရောင်တပ်ရင် ကောင်းမလဲဆိုတော့.. သူက.. ငါကတော့ ရောင်စုံတပ်တယ်.. မတပ်ဖူးတဲ့အရောင်ကို မရှိသလောက်ပဲ.. အဲ့အထဲကမှ ပန်းရောင်၊ ခရမ်းရောင်နဲ့ အနီရောင်ကို အကြိုက်ဆုံးတဲ့။ ကိုယ်လဲ ဆရာမပြောသလို လုပ်ကြည့်ဦးမှဆိုပြီး ဒီတစ်ခါ ပန်းရောင်တပ်လိုက်တယ်။ ကိုယ့်ဖာသာကိုယ်တော့ သဘောတွေကို ကျလို့.။


နောက်တစ်ခေါက် ရက်ချိန်းက ၂လကြာမှဆိုတော့ နောက်၂လနေမှ ဒုတိယပိုင်းလေးကို ဆက်ရေးပါမယ်..။ :)

2 comments:

  1. သတ္တိရှိလိုက်ထာ အီးတီရဲ့။ ကိုယ်ဆို နှုတ်ရမှာကြောက်တာ၊ နှစ်ရှည်လများ စိတ်မရှည်နိုင်တာနဲ့ လုပ်မှာမဟုတ်ဘူး။

    ReplyDelete
  2. မွမွ။ မြတ်ကြည်ပထမလုပ်မလို့လုပ်သေးတယ်။ သွားပဲသွားသွားဖာရတာ ၃၄၊၅ ခေါက်မို့လို့ စိတ်မရှည်လို့ မလုပ်ဖြစ်တော့ဘူး။ အခုလိုမြင်ရတော့လည်း ပြန်လုပ်ချင်သား။

    ReplyDelete