Friday 2 December 2011

Savannakhet, Laos ခရီးစဉ်

လာအိုနိုင်ငံမှာရှိတဲ့ ဆဗနခတ်ဆိုတဲ့မြို့လေး (Savannakhet) က ဖွံဖြိုးတိုးတက်မှု သိပ်မရှိပေမယ့် အင်မတန်အေးချမ်းပြီး လူနေကျဲပါးပါတယ်။ အခုတော့ တရုတ်တွေ တဖြည်းဖြည်းနဲ့ စီးပွားရေးလာလုပ်၊ အခြေလာချတာတွေရှိလာလို့ လူဦးရေ အသင့်အတင့်ရှိလာတဲ့ နေရာလေးပါ။


Savannakhet ကို သွားဖို့က လေယာဉ်တိုက်ရိုက်မရှိတာကြောင့် သူနဲ့ နယ်စပ်ကပ်လျှက်ဖြစ်တဲ့ ထိုင်းနိုင်ငံဘက်က မုဒဟန် (Mukdahan) ဆိုတဲ့ မြို့လေးကနေ တဆင့်သွားရပါတယ်။ Mukdahan ကလည်း အတော်သေးတဲ့မြို့လေးဆိုတော့ အဲ့ဒီကိုလည်း လေယာဉ်က တိုက်ရိုက်မရြှိပန်ပါဘူး။ အဲ့ဒီတော့ Mukdahan နဲ့ အနီးဆုံး လေယာဉ်ကွင်းရှိတဲ့ Ubon Rtchathani ကို အရင်သွား၊ အဲ့ကနေမှ ကီလို၉၀လောက်ဝေးတဲ့ Mukdahan ကို ကားနဲ့ ၃နာရီလောက်ကြာအောင် သွားရပါတယ်။


Mukdahan ကနေ Savannakhet ဘက်ကို ကူးတဲ့ Friendship Bridge ပေါ်က Immigration ပါ။ အမြဲလိုလို လူမရှိတတ်တဲ့ လူဝင်မှုကြီးကြပ်ရေး ဌာနလေးပေါ့။ အဖြူတွေကိုတော့ ရံဖန်ရံခါ တွေ့ရတတ်တယ်။ သူတို့က ကျောပိုးအိတ်တလုံးနဲ့ လျှောက်ခရီးသွားနေကြတော့ နေရာစုံပိုရောက်မယ် ထင်တယ်။


ရောက်ရောက်ချင်း အခန်းမှာ ခဏနား၊ ရေမိုးချိုးပြီး မဲခေါင်မြစ်ဘက်အခြမ်းကို လမ်းလျှောက်သွားကြတယ်။ ကမ်းနားမှာ စားသောက်ဆိုင်လေးတွေက တန်းစီနေတာပဲ.. ဝင်တော့ မဝင်ဖြစ်ခဲ့ဘူး။ အပြင်ဘက်ကပဲ ဓါတ်ပုံရိုက်ခဲ့တယ်။


အတူသွားတဲ့ သူငယ်ချင်းနှစ်ယောက်ကို ပုံထဲထည့်ရိုက်လိုက်တာ.. တစ်ချို့ဓါတ်ပုံတွေက လူပါမှ ပိုအသက်ဝင်သလိုပဲ။


ကမ်းနားက စားသောက်ဆိုင်လေး


ကမ်းနားက နေဝင်ချိန်ကို လျှောက်ပြီး ရိုက်ထားတာပါ။ မြို့ပြနဲ့ဝေးတဲ့ ဒီလိုနေရာလေးတွေမှာ လတ်ဆတ်တဲ့လေကို ရှုသွင်းရင်း သဘာဝ အလှအပလေးတွေကို လှည့်ပတ်ကြည့်ရတာ တကယ်ကိုစိတ်ချမ်းသာစရာ။





ညနေ ၆နာရီ - အစိုးရရုံးတစ်ရုံးရှေ့မှာ ဝန်ထမ်းတွေ ညီညီညာညာ ကိုယ်လက်လှုပ်ရှား အားကစားလုပ်နေကြတာ


အဲ့တုန်းက တည်းတဲ့ ဟိုတယ်က မနက်စာပါ.. ကြက်အူချောင်းအရောင်က တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းရဲ့ ဖုန်းအခွံအရောင်နဲ့တူနေလို့ ဓါတ်ပုံရိုက်ခဲ့ကြသေးတယ်.. ကြက်သားအရသာ ပန်းရောင် ဂျုံချောင်းကြီးဆိုပြီး။



Savannakhet က Duty Free Shop! =)

Thursday 1 December 2011

ချင်းမိုင် (ခ) ဇင်းမယ်မြို့ - ၁

ချင်းမိုင်ကို သူငယ်ချင်းတွေနဲ့ရော၊ မိသားစုနဲ့ပါ ၄-၅ခေါက်လောက် သွားခဲ့ဖူးတာမှာ သွားဖူးသမျှထဲက ဒီအခေါက်မှာ အပျော်ဆုံးပါ။ အဲ့တုန်းက မြို့ပြင်က ပုဂ္ဂလိကပိုင်နေရာတစ်ခု၊ ပုံမှန်အားဖြင့် အပြင်လူတွေကို ပေးမနေတဲ့နေရာကို ကံကောင်းစွာနဲ့ ရောက်သွားခဲ့တာ။

မြို့ပြင်ဆိုတဲ့အတိုင်း အနီးအနားမှာ ဘာဆို ဘာမှကို မရှိဘူး.. ဘေးပတ်ပတ်လည်မှာ တောင်တွေပဲ ပတ်ရံနေတာ။ ညဘက် ဘားသွားမယ်ဆိုရင်တောင် တော်တော်ဝေးဝေးမှာရှိတဲ့ ရှားရှားပါးပါးနေရာလေးကို လမ်းလျှောက်သွားရတာ.. မှောင်မှောင်မဲမဲ လမ်းတွေကို ဖြတ်ပြီးတော့ပေါ့။ အေးချမ်းတာကတော့ အရမ်းပဲ။ တစ်ခါမှ ဒီလောက် စိတ်ချမ်းသာစရာကောင်းတဲ့နေရာ မရောက်ဖူးသေးဘူး ပြောရမယ်။


အခန်းတွေ အားလုံးက ဒီလို ပုံစံတွေဆိုတော့ တောထဲ၊ တောင်ထဲမှာဆိုတဲ့ ခံစားချက်လေးနဲ့ လူတွေက အလုပ်တွေ ဘယ်လောက်ပင်ပန်း၊ ပင်ပန်း၊ လန်းဆန်းတက်ကြွနေကြတယ်။

အဲ့ဒီမှာ နေခဲ့ရတာက တပါတ်လောက်.. အလုပ်တွေ လုံးချာလည်လိုက်နေတာနဲ့ ၅ရက်လောက်ရှိတဲ့အထိ အထဲက အပြင်ကို မထွက်ဖူးသေးဘူး။ အပြင်က အလှအပတွေကို အခန်းထဲကနေပဲ ကြည့်ပြီးပဲ ခံစားနေရတာ။

တနေ့တော့ အပြင်ကို ခိုးထွက်မယ်ကွာဆိုပြီး အဲ့မှာတွေ့ပြီးခင်တဲ့ မြန်မာကောင်မလေးနဲ့ အဖော်စပ်ပြီး ခိုးထွက်ရော..။ တကယ်တော့ ကလေးတွေမှ မဟုတ်တော့တာ.. ဒီအတိုင်းထွက်လည်း ရပါတယ်.. ဒါပေမယ့် ကျောင်းတုန်းကတည်းက အတန်းလစ်တာတွေ အကျင့်ပါနေတော့ ကိုယ့်တာဝန်မရှိတဲ့အချိန်မှာ လစ်ထွက်ခဲ့တာ။

အဲ့ဒီမှာ အခန်းတွေက မှန်ပတ်လည်ကာထားတာဆိုတော့ အထဲကနေ အပြင်ကို အတိုင်းသားမြင်နေရတာ။ အဲ့ဒါကို မေ့ပြီးလစ်ထွက်ခဲ့တာ.. အထဲက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေက လှမ်းတွေ့ပြီး လှမ်းနောက်နေကြသေးတယ်။ ကိုယ့်ကိုယ်ကိုလည်း တော်တော်ရီချင်သွားတယ်.. ခိုးထွက်ပါတယ်ဆိုမှ.. ဆိုပြီး။


အပြင်ကို ရောက်တော့ တောလမ်းလေးတစ်ခုကို တွေ့လို့ တက်သွားကြည့်တာ.. ဘယ်ရောက်မလဲဆိုပြီး။ တော်တော်လေးသွားပြီးတော့ ချောင်းလေးတစ်ခုကို တွေ့တယ်.. ပသိချောင်း အသေးစားလိုမျိုးလေး။ သေးသာ သေးတာ၊ ရေစီးကတော့ သန်သား.. အောက်ခြေမှာလည်း ကျောက်တုံးချောချောတွေနဲ့။

အတူသွားတဲ့ သူငယ်ချင်းက ချောင်းတစ်လျှောက် ဆင်းကြည့်ရအောင်ဆိုတာနဲ့ ခပ်လန့်လန့်နဲ့ အနားမှာပေါက်နေတဲ့ ဝါးပင်က ခြောက်နေတဲ့ ဝါးကိုင်းကို ချိုးပြီး ရေထဲကနေ လမ်းတစ်လျှောက် စမ်းတဝါးဝါးထောက်သွားတာ။ ကျမက ရှပ်ပြာ၊ ရှပ်ပြာနိုင်တတ်တဲ့သူလည်းဖြစ်၊ ခုလို မြစ်ထဲ၊ ချောင်းထဲလည်း ဆင်းသွားနေကျသူလည်း မဟုတ်တာနဲ့ ချောင်းထဲမှာ ချော်လဲပါလေရော.. လူလည်း ရေရွှဲ၊ ပါသွားတဲ့ ကင်မရာနဲ့ ဖုန်းလည်း ရေထဲကျမို့ အဲ့မှာ ဓါတ်ပုံဆက်ရိုက်လို့ မရတော့ဘူး။

တော်သေးတယ်.. နည်းနည်းနာသွားတာကလွဲရင် လူဘာမှသိပ်မဖြစ်လို့။ ဝါးတုတ်လေးတော့ ကျိုးသွားရှာတယ်။


ဒီပုံတွေကတော့ ပတ်ဝန်းကျင်က ပုံတွေကို လှည့်ပတ်ရိုက်ထားတာပါ။ ကျမက ကောင်းကင်ပြာပြာ၊ တိမ်ဖြူဖြူတွေနဲ့ တောင်တန်းတွေနဲ့ဆို သိပ်သဘောကျတာမို့ အချိန်ရတိုင်း အခန်းအပြင် ဝရန်တာဘက်ထွက်ထွက်ပြီး ရှုခင်းကြည့်၊ ဓါတ်ပုံရိုက် လုပ်ဖြစ်တယ်။






ဒါကတော့ အပြင်ဘက်မှာရှိတဲ့ စားသောက်ခန်းပါ.. ညဘက်တွေမှာ ညစာစားအပြီး ဘီယာတွေသောက်၊ ခြင်ဆေးတွေ မီးရှို့ကြတဲ့နေရာလေး။


အိပ်ခန်းဆောင်တွေ..



အပြင်မှာရှိတဲ့ ရေကူးကန်ဘက်ကို ထွက်တဲ့ လှေခါးလေး..


အဲ့ဒီမှာ ရေကူးကန်က ရေ အတိမ်၊ အနက် ကွဲတဲ့ကန် စုစုပေါင်း ၃ကန်ရှိတယ်။ ကလေးကန်၊ လူကြီးကန်နဲ့ ဂျကူစီ။ အပြင်ဘက်မှာ ရှိတာဆိုတော့ ညဘက်ဆို အေးအေးဆေးဆေး ကြယ်တွေကြည့်ရင်း ရေကူးရတာ အရသာပဲ။

တစ်ညသားက မိုးရွာပြီးခါစမှာ ရေဆင်းကူးမလို့ ဒီအချိန် ကူးလို့ရသလားလို့ Receptionကို မေးတော့ သူတို့က ကူးလို့တော့ရတယ်၊ ဒါပေမယ့် မိုးရွာတဲ့အခါမျိုးမှာ ကန်ထဲကို မြွေတွေ ဝင်တတ်တယ်လို့ သတိပေးတယ်။ ဒါနဲ့ သူငယ်ချင်းနဲ့ နှစ်ယောက်သား ရေမကူးခင် ကန်အခြေအနေသွားကြည့်ရအောင်ဆိုပြီး သွားတာ.. ဖုန်းရဲ့မီးအလင်းနဲ့ ကန်ဘောင်ပေါ်ကနေ အောက်ကို မြွေရှိ၊ မရှိ ပတ်ကြည့်ရင်းနဲ့ အာရုံက ရေအောက်ကိုပဲ ရောက်နေတော့ ခြေချော်ပြီး ကန်ထဲကို ပြုတ်ကျပြန်ပါလေရော..။ အဲ့ဒါနဲ့ပဲ မထူးဇာတ်ခင်းပြီး တစ်ခါတည်း ရေဆင်းကူးလိုက်တယ်။

ဒီတစ်ခေါက်ပြုတ်ကျပြီးတဲ့အခါမှာတော့ ကင်မရာက ဘယ်လိုပဲ ရေခြောက်အောင်သုတ်သုတ် အလုပ်မလုပ်တော့ဘူး။ အတူသွားတဲ့အထဲမှာ ပါတဲ့ ထိုင်းသူငယ်ချင်းက ဆန်အိုးထဲထည့်ကြည့်ဖို့ အကြံပေးတာနဲ့ စားသောက်ဆောင်က ဝန်ထမ်းကို အကူအညီတောင်းပြီး ကင်မရာကို ဘတ္ထရီဖြုတ်၊ အဖုံးဖွင့်ပြီး ၁ရက်ထည့်ထားလိုက်တယ်။ နောက်နေ့သွားပြန်ယူပြီး စမ်းကြည့်တော့ ပြန်ရတယ်.. ပျော်သွားလိုက်တာ အရမ်းပဲ။


Reception ရှေ့က သစ်လုံးတစ်လုံးကို ဆင်ရုပ်တွေထွင်းထားတာ သဘောကျလို့။


ကြာပန်းဖြူဖြူလေးတွေနဲ့လှနေတဲ့ ပန်းခြံထဲက ကြာကန်

ဆက်ရန်..

Friday 25 November 2011

အန်ကောဝပ် ခရီးစဉ် - ၅

အပိုင်း - ၄ ရေးပြီး အပိုင်း - ၅ (နောက်ဆုံးပိုင်း) အတွက် ဓါတ်ပုံတွေကို Memory Stick ထဲကနေ မှားဖျက်လိုက်မိလို့ ပုံတွေ မရှိတော့တာနဲ့ တော်တော်နဲ့ ဆက်မရေးဖြစ်တာ.. တနေ့က နန်းညီကျေးဇူးနဲ့ Facebook က ဓါတ်ပုံတွေ အားလုံးကို download လုပ်ပြီးတော့မှ ပုံတွေ ပြန်ရလို့ ဒီပို့စ်လေးကို လက်စသတ်လိုက်ပါတယ်။

ဒီအပိုင်းမှာတော့ စီယမ်းရိ(ပ်)က လမ်းဘေးရှုခင်းတွေ၊ ကျောင်းဝင်းထဲက ရှုခင်းတွေကို စုပြီး တင်ထားပါတယ်။

ပထမရက်က ညနေပိုင်းသွားတုန်း မိုးရွာတော့ ကားမှန်မှာ မိုးရေစက်လေးတွေ ကပ်တွယ်နေတာကို သဘောကျလို့ ရိုက်ခဲ့တာ။


အန်ကောဝပ်ရှေ့က ကျုံးနဲ့ ကျုံးဘေးက အပင်တွေ စိမ်းစိမ်းစိုစို ပဏ္ဍာရနေတာကို မြင်ရတာ စိတ်ချမ်းသာစရာကောင်းလို့ အသက်ကြီးတဲ့အခါ ဒီလိုပတ်ဝန်းကျင်လေးမှာ အေးအေးချမ်းချမ်းနေရရင် ကောင်းမယ် တွေးမိသေးတယ်။

နောက်တစ်ရက်မှာ သုံးဘီးဆိုင်ကယ်နဲ့ သွားတော့ လမ်းမှာ ရေတွေကြီးနေတာကို ဖြတ်ခဲ့ရသေးတယ်။

ဒီလမ်းလေးကလည်း လမ်းဘေးဝဲယာမှာ ဖြောင့်တန်းနေတဲ့ သစ်ပင်တွေနဲ့မို့ သဘောကျမိပြန်ရော.. ရန်ကုန်က ခရေပင်လမ်းကိုတောင် သတိရမိသေးတယ်.. ခပ်ဆင်ဆင်တူသလားလို့.. အပင်အကြီး အသေးတော့ ကွာတယ်။

လမ်းဘေးမှာ မျောက်တွေတွေ့လို့ အတူသွားတဲ့တစ်ယောက်က ဆင်းပြီး ဓါတ်ပုံရိုက်သေးတယ်.. ကျမကတော့ ကြောက်လို့ အဝေးကပဲ လှမ်းရိုက်တော့တယ်။

လမ်းဘေးမြက်ခင်းမှာ နွားကျောင်းနေတာလေးကို တွေ့ရတာ ကျေးလက်အငွေ့အသက်ကို ရစေသလိုပဲ..။

သူတို့ဆီက အိမ်ကလေးတွေကလည်း မြန်မာပြည် နယ်ဘက်က အိမ်လေးတွေလိုပဲ.. ခြေတံရှည်လေးတွေနဲ့..။

ဒါကတော့ အန်ကောဝပ်ရှေ့က ကား၊ သုံးဘီး၊ ဆိုင်ကယ်နဲ့ စက်ဘီးတွေ ရပ်စရာနေရာပါ။

အမြစ်တွေ နွယ်ပတ်နေတဲ့ ကျောင်းဆောင်တွေရှိတဲ့ ကျောင်းဝင်းရဲ့ အဝင်လမ်း

သစ်မြစ်တွေက လူပုံ၊ သတ္တဝါပုံတွေနဲ့ တူသလိုလို..

ရေညှိပင် စိမ်းစိမ်းလေးတွေနဲ့ လှနေတဲ့ ကျောက်တုံးကြီးတွေ..

ရှေးဟောင်းကျောင်းဆောင်တွေနဲ့ လိုက်ဖက်ညီတဲ့ စိမ်းညို့ညို့ပတ်ဝန်းကျင်..

ကျောင်းဆောင်ကို ပတ်ပြီး ပေါက်နေတဲ့ သစ်မြစ်ကြီးက မြွေကြီးနဲ့ တူသလိုလို..

ကျောင်းဆောင် နံရံအပေါ်ကို တက်ပေါက်နေတဲ့ အပင်ကြီး..

ကျောင်းဝင်းသန့်ရှင်းရေး လုပ်သား အမျိုးသမီးလေးတွေ အစိမ်းရောင် တူညီဝတ်စုံလေးတွေနဲ့..

ကျောင်းဝင်း အနောက်ဘက် တစ်နေရာမှာ ပန်းချီကားချပ်ရောင်းနေတာ.. ပန်းချီကားချပ်ဝယ်ရင် အဲ့ဒီ အပင်မှာ တွဲလွဲဆွဲထားတဲ့ အုန်းလက်နဲ့လုပ်ထားတဲ့ ဘူးတောင်းလေးနဲ့ ထည့်ပေးတယ်.. အဲ့ဘူးတောင်းလေးတွေက ချစ်စရာလေး..။

အပင်အမြင့်ကြီးမှာ နွယ်တက်နေတာကို သဘောကျလို့..

အန်ကောဝပ်ကျောင်းဝန်းထဲက လမ်းဘေးရှုခင်းတွေ..










စီယမ်းရိ(ပ်)က ပြတိုက်.. ဝင်ကြည့်မယ်လုပ်ပြီးမှ လူတွေကလည်း အရမ်းကို ပြိုင်းနေပြီ၊ အဲ့ဒီညနေမှာပဲ ပြန်တော့မှာဆိုတော့ အခန်းပဲ ပြန်နားပါတော့မယ်ဆိုပြီး မကြည့်ဖြစ်တော့ဘူး။


ကြည့်ရှုလေ့လာစရာတွေ မကုန်နိုင်သေးတဲ့ စီယမ်းရိ(ပ်)ကို နောက်တစ်ခေါက် ထပ်ပြီးလာဦးမယ်ဆိုတဲ့အတွေးနဲ့ ဌာနေကို ပြန်ဖို့ ထွက်ခွာခဲ့ပါတော့တယ်။