Sunday 4 September 2011

အန်ကောဝပ် ခရီးစဉ် - ၁

ပထမဆုံး ခရီးသွားပို့စ်အနေနဲ့ ကျမ အသွားချင်ဆုံးနေရာတွေထဲက တစ်နေရာဖြစ်တဲ့ အန်ကောဝပ် - Ankor Wat တည်ရှိရာ စီယမ်းရိ(ပ်) - Siem Reap ခရီးစဉ်ကို အမှတ်တရအနေနဲ့ တင်ချင်ပါတယ်။ ဒီဘလော့ကို ကိုယ်တိုင်အတွက်လည်း ခရီးသွားဒိုင်ယာရီအနေနဲ့ သိမ်းထားချင်တာကြောင့် ပုံတွေ အများကြီးနဲ့ ရှည်ရင် ရှည်သလို အပိုင်းတွေခွဲပြီး တင်ဖြစ်မယ် ထင်ပါတယ်။

စီယမ်းရိ(ပ်)ကို မရောက်ခင် သွားဖို့ပြင်နေကတည်းက အရမ်းကို စိတ်လှုပ်ရှားပြီး ပျော်နေခဲ့တာပါ။ တကယ်တော့ ကျမက ရှေးဟောင်းတွေ၊ သမိုင်းတွေကို သိပ် စိတ်ဝင်စားခဲ့သူ မဟုတ်ပါဘူး။ နောက်ပိုင်းမှ အသက်အရွယ်နဲ့ အပေါင်းအသင်းကပဲ စကားပြောသလား မသိ၊ ကျမ သမိုင်းကြောင်းတွေ၊ ရှေးဟောင်း ပစ္စည်း၊ အဆောက်အအုံတွေကို စိတ်ဝင်စား၊ တန်ဖိုးထားတတ်လာပါတယ်။

စီယမ်းရိ(ပ်)ကို သွားဖို့ အထုပ်ပြင်မယ်ဆိုတော့ ထုံးစံအတိုင်း ရိက္ခာတွေကို အရင်ဝယ်ပါတယ်။ ဟိုမှာ မုန့်ဆိုင်၊ စားသောက်ဆိုင် နီးနီးနားနား မရှိခဲ့ရင် ဗိုက်ဖြည့်ဖို့ပါ။ (အကုန်ယူသွားတာတော့ မဟုတ်ပါဘူး။ သံဗူးတွေ ချန်ခဲ့ပြီး ကွေကာကိုလည်း နည်းနည်းပဲ ယူလာပါတယ်။)


ဘန်ကောက်လေဆိပ်ရောက်လို့ Check In ဝင်ပြီး Immigration ဖြတ်တော့ လန့်တောင် လန့်သွားတယ်။ များလိုက်တဲ့ လူတွေ။ ကျမ ခရီးသွားရင် အချိန်ကပ်ပြီးမှ သွားတဲ့ အကျင့်က ရှိနေတော့ လေယာဉ်တောင် မှီပါ့မလား စိတ်ပူသွားမိတယ်။ တော်ပါသေးတယ်.. ကျမ ဂိတ်ရောက်တဲ့အချိန်မှာ လေယာဉ်ထွက်ဖို့ ၁၀မိနစ်ပဲ လိုတော့တယ်။ နောက်ဆုံးအသုတ်ကို ကားပေါ်တက်ဖို့ ခေါ်နေတဲ့အချိန်။ လေယာဉ်က အတော်ကို သေးပါတယ်။ အမိုးနိမ့်နိမ့်လေးနဲ့။ တော်သေးတာက ခုံတွေ သိပ်မကျဉ်းလို့။

သွားတဲ့အချိန်က နေ့ဘက်ဖြစ်သလို ရာသီဥတုကလည်း ကောင်းတော့ ကောင်းကင်က သိပ်လှပါတယ်။ ကောင်းကင်ပြာပြာ၊ တိမ်ဖွေးဖွေး၊ အပင်စိမ်းစိမ်းတွေနဲ့။

ဒါက ထိုင်းကနေ ထွက်လာတာ သိပ်မကြာသေးတဲ့ အချိန်မှာပါ။ ထိုင်းနယ်နမိတ်ထဲမှာလို့ ထင်ပါတယ်။

လမ်းခုလပ်က မြင်ကွင်း။

 ဒီနေရာက ရေထဲမှာ အစိမ်းရောင် အပင်အလုံးလေးတွေက ချစ်စရာ။

 ဒါကတော့ လေယာဉ် ဆင်းခါနီး ကမ်ဘောဒီးယား နယ်နမိတ်ထဲမှာပါ။ စိမ်းလန်းနေတဲ့မြင်ကွင်းက တကယ်ကို စိတ်ချမ်းသာစရာ။

ဟိုတယ်ရောက်တော့ နေ့လည် ၃နာရီလောက်ဆိုတော့ အန်ကောဝပ်ကို သွားရင် ဘယ်လိုနေမလဲ Reception ကို မေးကြည့်တော့ သွားလို့က ရတယ်။ အချိန်တော့ သိပ်မရဘူး။ ၆နာရီဆို ပိတ်မှာ ဆိုတာနဲ့ နောက်ရက်မှ အေးအေးဆေးဆေး မနက်စောစောသွားတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။

အန်ကောဝပ်က မနက် နေထွက်ချိန်မှာ ဖွင့်တယ်၊ မနက် ၄ - ၅နာရီလောက်ဆို စသွားလို့ ရပြီ ပြောတယ်။ အဲ့ဒီကို အသွား၊ အပြန် ကားငှားသွားရင် နေ့ဝက်စာကို ၁၈ဒေါ်လာ၊ တစ်ရက်စာကို (မနက် ၈နာရီ - ညနေ ၅နာရီ) ဒေါ်လာ၃၀၊ ဝင်ကြေးက တစ်ရက်ကို ဒေါ်လာ၂၀၊ သုံးရက်စာ ဝယ်ရင် ဒေါ်လာ၄၀ (တပါတ်အတွင်း ကြိုက်တဲ့ သုံးရက် သွားလို့ ရတယ်။)၊ နောက်တစ်မျိုး ရှိသေးတယ်၊ ၇ရက် လက်မှတ်ဆိုလားပဲ (တလအတွင်း ၇ရက်သွား အဲ့လိုလား သေချာမမှတ်မိတော့ဘူး။)။

အန်ကောဝပ်ကို အဲ့ဒီညနေမှာ မသွားဖြစ်သေးတာနဲ့ အခန်းထဲမှာ နားနားနေနေ ခဏနားပြီး ဗိုက်ဆာတော့ Room Service ကို ပန်းကန်တွေ ဇွန်းတွေ တောင်းပြီး ကယ်ဆယ်ရေးအနေနဲ့ ပါလာတဲ့ ခေါက်ဆွဲထုပ်နဲ့ ကော်ဖီနဲ့ မုန့်နည်းနည်းကို အစာပြေ စားထားလိုက်တယ်။ ခေါက်ဆွဲခြောက်က အိမ်မှာသာ မစားချင်တာ၊ ဒီမှာစားတော့လည်း စားကောင်းသား။ စိတ်ထဲမှာလည်း ဘဝကြီးက အေးချမ်းလိုက်တာ၊ စားချင်တဲ့အချိန်မှာ စားစရာရှိတယ် ဆိုပြီး ကျေနပ်လို့။


စားပြီးတော့ အီးမေးစစ်၊ ဘာညာလုပ်ပြီး ဟိုတယ် အနီးအနား လျှောက်ကြည့်ဦးမှဆိုပြီး ညနေ ၅နာရီလောက် အပြင် ခဏထွက်ဖြစ်တယ်။

ဟိုတယ်ထဲမှာ ချိတ်ထားတဲ့ ရုပ်ထွင်းပန်းချီကားတွေကို သဘောကျလို့ ဓါတ်ပုံနည်းနည်းရိုက်လာသေးတယ်။




နောက် ဟိုတယ်ဝင်းထဲမှာ ကားဟောင်းတွေကိုလည်း အလှပြထားတာနဲ့ သဘောကျလို့ ရိုက်လာသေးတယ်။ (ပြပဲ ပြထားတာလား၊ သုံးသေးလားတော့ မမေးကြည့်မိဘူး။)

 ဗြိတိသျှက Rolls-Royce

 ပြင်သစ်က Citroen

ဟိုတယ် ရှေ့မျက်နှာစာ 

ဟိုတယ်ဝင်းထဲက အဆောက်အဦးလေးနဲ့ အပင်လေးတွေ။ (Landscaping လုပ်ပုံလေးတွေကို သဘောကျလို့။) 

 လမ်းတွေမှာ အရုပ်တွေနဲ့ အလှဆင်ထားတာ။

  အနီးအနားက ဟိုတယ်တွေ။ 

 လမ်းညွှန်ဆိုင်းဘုတ်နဲ့ လမ်းမကြီး အမှတ်တရ။

ညနေဘက် ဈေးသွားတော့ တွေ့ပြီး ကြိုက်လို့ ဝယ်လာတာ။ အသေးက တစ်ခု ၆ဒေါ်လာ၊ အကြီးက တစ်ခု ၈ဒေါ်လာ။ ဈေးက အရမ်းကို သက်သာတာပဲ။
 
ဆက်ရန်...

1 comment:

  1. ဆက်ရန်ကို ဆက်ဖတ်ရန် ^_^

    ReplyDelete