Sunday 8 April 2012

နောင်ခိုင် ခရီးစဉ်

ဒီနောင်ခိုင်မြို့လေးက လာအိုနိုင်ငံက ဗီယန်ကျန်းမြို့နဲ့ နယ်နမိတ် ထိစပ်နေတဲ့ ထိုင်းနိုင်ငံဘက်က နယ်စပ်မြို့လေးပါ။ မြို့လေးက အေးအေးချမ်းချမ်းရှိသလို မြို့ခံလူတွေကလည်း စိတ်သဘောကောင်းကြတာကို တွေ့ရပါတယ်။

နောင်ခိုင်မြို့ထဲက ရောက်ခဲ့တဲ့ ရုံးခန်းတစ်ခုထဲမှာ အရုပ်လေးတွေကို အခုလို အလှဆင်ထားတာတွေ့လို့ ချစ်စရာကောင်းတာနဲ့ သဘောကျပြီး ရိုက်လာတာ။

မဲခေါင်မြစ်ကမ်းဘေးကို အသွား လမ်းမှာ တွေ့ခဲ့တဲ့ ဓါတ်ကြိုးတွေပေါ် နွယ်တက်နေတဲ့အပင်.. အပြင်မှာ ပိုလှတယ်။

မဲခေါင်မြစ်ကမ်းဘေးကို ရောက်ပါပြီ။


မြစ်ကမ်းဘေးမှာ ငှက်ပျောပင်တွေ အများကြီးတွေ့တာနဲ့ မုန့်ဟင်းခါးချက်စားဖို့တောင် သတိရမိသေးတယ်။ လူဆိုတာ သူသန်ရာ၊ သန်ရာပဲ ဆိုတာ သိပ်ဟုတ်တာပဲလို့။ :D

အသီးတွေ ပြွှတ်နေတဲ့ ဆီးဖြူသီးပင်။

မြစ်ကမ်းပါး လမ်းဘေးနားက စေတီအိုလေး။

စေတီအိုလေး ဘေးနားက မြတ်စွာဘုရားဆင်းတုတော်ကြီးနဲ့ ကျောင်းဆောင်။





ဘာလည်းတော့ မသိဘူး။ ဒီလိုပဲ တွေ့လို့ ရိုက်လာခဲ့တာ။

မြတ်စွာဘုရား ဆင်းတုတော်ကြီး ရှိတဲ့ ကျောင်းဆောင်ရဲ့ အောက်ဆုံးထပ်က ဘုရားခန်း။

ခေတ်သစ် ပုံဆန်း Tuk-Tuk (ခ) သုံးဘီးဆိုင်ကယ်။ မိုက်တယ်နော်..။

သုံးဘီးဆိုင်ကယ်တွေ ရောင်းတဲ့ဆိုင်။

ဒီလို မြောင်းအနက်ကြီးတွေကို တွေ့တိုင်း ရန်ကုန်မှာ ရေကြီးတိုင်း မြောင်းရေတွေလျှံပြီး လမ်းသွားတဲ့သူတွေ ဒုက္ခရောက်ရတာကို သတိရမိတယ်။

ရေတွေ လျှံဆို မြောင်းကလည်း တူးထားတာက သေချာ မနက်၊ အမှိုက်တွေလည်း ထည့်သေး၊ မြောင်းဆယ်တာတွေလည်း မလုပ်၊ ဒီကြားထဲ ပလက်ဖောင်းတွေက ပေါက်ကုန်တော့ ရေကြီးရင် ပလက်ဖောင်းအပေါက်ထဲ ကျွံမိတဲ့ကလေးတွေ၊ လူကြီးတွေ သတင်းကလည်း မကြာမကြာ ကြားရသေးတယ်။ ကိုယ်တိုင်တောင် ငယ်ငယ်က မိုးကြီးနေချိန် ပလက်ဖောင်းအပေါက် အကြီးကြီးထဲ မျောပါသွားလို့ အကိုက မနည်းလိုက်ပြန်ဆယ်ပေးရတယ်။ ကံကောင်းပေလို့။

မဲခေါင်မြစ်ကမ်းနားဈေး။


နောင်ခိုင်က ထိုင်းအခေါ် အီစံ ဒေသတစ်ခုပဲမို့ အီစံအစာဖြစ်တဲ့ အထောင်းမျိုးစုံ၊ အကင်မျိုးစုံကို ဈေးသက်သက်သာသာ၊ အရသာကောင်းကောင်းနဲ့ ရနိုင်တဲ့ နေရာတစ်ခုပါ။

အခု ဒီဆိုင်က အရင်က ဆုံနှစ်ဆုံ၊ လူတစ်ယောက်ထဲနဲ့ ရောင်းနေရာကနေ အခုဆို ဆုံကိုးဆုံ၊ လူနှစ်ယောက်နဲ့ လက်မလည်အောင် ရောင်းနေရတဲ့ဆိုင် ဖြစ်နေပါပြီ။ အဲ့က မှိုထောင်းဆို အရမ်းကို စားကောင်းတာ။ ရောက်ဖူးသမျှထဲမှာ ထိုင်းရဲ့ ဘယ်နေရာမှာမှ အဲ့လို မှိုထောင်းရောင်းတာ မတွေ့ဖူးသေးဘူး။ သူက ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီကင်တွေနဲ့ ငါးအသားကင်တွေနဲ့ မှိုချက်ကို ရောထောင်းတာ။


ဒါကတော့ မှိုထောင်းနဲ့ ပိန္နဲသီးပြုတ်ထောင်းပါ။ ပိန္နဲသီးထောင်းကို မစားဖူးလို့ စမ်းမှာကြည့်တာ၊ မှိုထောင်းလောက် မကြိုက်ဘူး။

ကိစ္စတွေ ပြီးလို့ ပြန်တော့မယ်ဆိုတော့ ရထားဘူတာရုံကို သွားပါတယ်။ အဲ့မှာ တွေ့ခဲ့တဲ့ နောင်ခိုင်မြို့ မြေပုံ။

သူတို့က ရထားတွေကို ရေမှန်မှန်ဆေးလေ့ရှိပုံရတော့ ရထားလေးတွေက သန့်သန့်ရှင်းရှင်းနဲ့ ကြည့်ပျော်ရှုပျော်ရှိကြတယ်။

(ရထားတိုင်းကို ဆေးမဆေးတော့ မသိပါ။ စီးဖူးသလောက်နေရာတွေမှာတော့ ရထားပေါ်က လူတွေ အကုန်ဆင်းပြီးရင် ရထားကို ဆပ်ပြာနဲ့ ရေနဲ့ ဆေးတာကို တွေ့ဖူးနေလို့။)


အပြန်စီးလာတဲ့ ရထားတွဲ။ ထိုင်ခုံတွေကို အိပ်ရာပြင်ခင်းတာမှာ ခဏလေးနဲ့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ခင်းတတ်တယ်။ ပညာသည်ပဲ။

တစ်တွဲမှာ လူနှစ်ယောက်စာ အိပ်စင် တစ်စင်နဲ့ စားပွဲလေး တစ်လုံးနဲ့ လက်ဆေးကန်လေးတစ်ခု။ ရေနှစ်ပုလင်းလည်း ထည့်ပေးထားတယ်။ သက်တောင့်သက်သာရှိပြီး မဆိုးဘူးပြောရမယ်။ ရထားရဲ့စားသောက်တွဲက လူတွေကလည်း မှာစားချင်တာရှိရင် မှာလို့ရအောင် လိုက်မေးပြီး မှာရင် လာပို့ပေးကြတယ်။ ကျမတို့ကတော့ ကိုယ့်ရိက္ခာနဲ့ကိုယ်မို့ မမှာကြဘူး။

အားလုံးခြုံပြောရရင် နောင်ခိုင်မြို့ခရီးစဉ်လေးက စိတ်ပြေလက်ပျောက်ခရီးသွားချင်သူတွေအတွက် သက်တောင့်သက်သာနဲ့ သွားပျော်တဲ့ ခရီးစဉ်လေးတစ်ခုပါ။

2 comments:

  1. singapore ခရီးစဉ်လေးလည်း ရေးပါဦး။

    ReplyDelete
    Replies
    1. ဟုတ် အစ်မ။ နောက်တစ်ခေါက်ကျ ရေးပါ့မယ်။ :)

      Delete