Sunday, 8 April 2012

နောင်ခိုင် ခရီးစဉ်

ဒီနောင်ခိုင်မြို့လေးက လာအိုနိုင်ငံက ဗီယန်ကျန်းမြို့နဲ့ နယ်နမိတ် ထိစပ်နေတဲ့ ထိုင်းနိုင်ငံဘက်က နယ်စပ်မြို့လေးပါ။ မြို့လေးက အေးအေးချမ်းချမ်းရှိသလို မြို့ခံလူတွေကလည်း စိတ်သဘောကောင်းကြတာကို တွေ့ရပါတယ်။

နောင်ခိုင်မြို့ထဲက ရောက်ခဲ့တဲ့ ရုံးခန်းတစ်ခုထဲမှာ အရုပ်လေးတွေကို အခုလို အလှဆင်ထားတာတွေ့လို့ ချစ်စရာကောင်းတာနဲ့ သဘောကျပြီး ရိုက်လာတာ။

မဲခေါင်မြစ်ကမ်းဘေးကို အသွား လမ်းမှာ တွေ့ခဲ့တဲ့ ဓါတ်ကြိုးတွေပေါ် နွယ်တက်နေတဲ့အပင်.. အပြင်မှာ ပိုလှတယ်။

မဲခေါင်မြစ်ကမ်းဘေးကို ရောက်ပါပြီ။


မြစ်ကမ်းဘေးမှာ ငှက်ပျောပင်တွေ အများကြီးတွေ့တာနဲ့ မုန့်ဟင်းခါးချက်စားဖို့တောင် သတိရမိသေးတယ်။ လူဆိုတာ သူသန်ရာ၊ သန်ရာပဲ ဆိုတာ သိပ်ဟုတ်တာပဲလို့။ :D

အသီးတွေ ပြွှတ်နေတဲ့ ဆီးဖြူသီးပင်။

မြစ်ကမ်းပါး လမ်းဘေးနားက စေတီအိုလေး။

စေတီအိုလေး ဘေးနားက မြတ်စွာဘုရားဆင်းတုတော်ကြီးနဲ့ ကျောင်းဆောင်။





ဘာလည်းတော့ မသိဘူး။ ဒီလိုပဲ တွေ့လို့ ရိုက်လာခဲ့တာ။

မြတ်စွာဘုရား ဆင်းတုတော်ကြီး ရှိတဲ့ ကျောင်းဆောင်ရဲ့ အောက်ဆုံးထပ်က ဘုရားခန်း။

ခေတ်သစ် ပုံဆန်း Tuk-Tuk (ခ) သုံးဘီးဆိုင်ကယ်။ မိုက်တယ်နော်..။

သုံးဘီးဆိုင်ကယ်တွေ ရောင်းတဲ့ဆိုင်။

ဒီလို မြောင်းအနက်ကြီးတွေကို တွေ့တိုင်း ရန်ကုန်မှာ ရေကြီးတိုင်း မြောင်းရေတွေလျှံပြီး လမ်းသွားတဲ့သူတွေ ဒုက္ခရောက်ရတာကို သတိရမိတယ်။

ရေတွေ လျှံဆို မြောင်းကလည်း တူးထားတာက သေချာ မနက်၊ အမှိုက်တွေလည်း ထည့်သေး၊ မြောင်းဆယ်တာတွေလည်း မလုပ်၊ ဒီကြားထဲ ပလက်ဖောင်းတွေက ပေါက်ကုန်တော့ ရေကြီးရင် ပလက်ဖောင်းအပေါက်ထဲ ကျွံမိတဲ့ကလေးတွေ၊ လူကြီးတွေ သတင်းကလည်း မကြာမကြာ ကြားရသေးတယ်။ ကိုယ်တိုင်တောင် ငယ်ငယ်က မိုးကြီးနေချိန် ပလက်ဖောင်းအပေါက် အကြီးကြီးထဲ မျောပါသွားလို့ အကိုက မနည်းလိုက်ပြန်ဆယ်ပေးရတယ်။ ကံကောင်းပေလို့။

မဲခေါင်မြစ်ကမ်းနားဈေး။


နောင်ခိုင်က ထိုင်းအခေါ် အီစံ ဒေသတစ်ခုပဲမို့ အီစံအစာဖြစ်တဲ့ အထောင်းမျိုးစုံ၊ အကင်မျိုးစုံကို ဈေးသက်သက်သာသာ၊ အရသာကောင်းကောင်းနဲ့ ရနိုင်တဲ့ နေရာတစ်ခုပါ။

အခု ဒီဆိုင်က အရင်က ဆုံနှစ်ဆုံ၊ လူတစ်ယောက်ထဲနဲ့ ရောင်းနေရာကနေ အခုဆို ဆုံကိုးဆုံ၊ လူနှစ်ယောက်နဲ့ လက်မလည်အောင် ရောင်းနေရတဲ့ဆိုင် ဖြစ်နေပါပြီ။ အဲ့က မှိုထောင်းဆို အရမ်းကို စားကောင်းတာ။ ရောက်ဖူးသမျှထဲမှာ ထိုင်းရဲ့ ဘယ်နေရာမှာမှ အဲ့လို မှိုထောင်းရောင်းတာ မတွေ့ဖူးသေးဘူး။ သူက ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီကင်တွေနဲ့ ငါးအသားကင်တွေနဲ့ မှိုချက်ကို ရောထောင်းတာ။


ဒါကတော့ မှိုထောင်းနဲ့ ပိန္နဲသီးပြုတ်ထောင်းပါ။ ပိန္နဲသီးထောင်းကို မစားဖူးလို့ စမ်းမှာကြည့်တာ၊ မှိုထောင်းလောက် မကြိုက်ဘူး။

ကိစ္စတွေ ပြီးလို့ ပြန်တော့မယ်ဆိုတော့ ရထားဘူတာရုံကို သွားပါတယ်။ အဲ့မှာ တွေ့ခဲ့တဲ့ နောင်ခိုင်မြို့ မြေပုံ။

သူတို့က ရထားတွေကို ရေမှန်မှန်ဆေးလေ့ရှိပုံရတော့ ရထားလေးတွေက သန့်သန့်ရှင်းရှင်းနဲ့ ကြည့်ပျော်ရှုပျော်ရှိကြတယ်။

(ရထားတိုင်းကို ဆေးမဆေးတော့ မသိပါ။ စီးဖူးသလောက်နေရာတွေမှာတော့ ရထားပေါ်က လူတွေ အကုန်ဆင်းပြီးရင် ရထားကို ဆပ်ပြာနဲ့ ရေနဲ့ ဆေးတာကို တွေ့ဖူးနေလို့။)


အပြန်စီးလာတဲ့ ရထားတွဲ။ ထိုင်ခုံတွေကို အိပ်ရာပြင်ခင်းတာမှာ ခဏလေးနဲ့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ခင်းတတ်တယ်။ ပညာသည်ပဲ။

တစ်တွဲမှာ လူနှစ်ယောက်စာ အိပ်စင် တစ်စင်နဲ့ စားပွဲလေး တစ်လုံးနဲ့ လက်ဆေးကန်လေးတစ်ခု။ ရေနှစ်ပုလင်းလည်း ထည့်ပေးထားတယ်။ သက်တောင့်သက်သာရှိပြီး မဆိုးဘူးပြောရမယ်။ ရထားရဲ့စားသောက်တွဲက လူတွေကလည်း မှာစားချင်တာရှိရင် မှာလို့ရအောင် လိုက်မေးပြီး မှာရင် လာပို့ပေးကြတယ်။ ကျမတို့ကတော့ ကိုယ့်ရိက္ခာနဲ့ကိုယ်မို့ မမှာကြဘူး။

အားလုံးခြုံပြောရရင် နောင်ခိုင်မြို့ခရီးစဉ်လေးက စိတ်ပြေလက်ပျောက်ခရီးသွားချင်သူတွေအတွက် သက်တောင့်သက်သာနဲ့ သွားပျော်တဲ့ ခရီးစဉ်လေးတစ်ခုပါ။

ဒူဘိုင်း ခရီးစဉ်

လွန်ခဲ့တဲ့ စနေကပဲ Theme Park တစ်ခုကို ပူပူနွေးနွေး သွားထားလို့ အဲ့ဒါနဲ့ ခပ်ဆင်ဆင်တူတဲ့ ဒူဘိုင်းက အတ္တလန်တာ Water Parkကို အတော်သတိရမိတာကြောင့် ပို့စ်အသစ်လေး ရေးဦးမှပါဆိုပြီး..

ကစားကွင်းတွေ ရောက်ဖူးခဲ့သမျှမှာ ဒူဘိုင်းက အတ္တလန်တာမှာလောက် ပျော်ခဲ့ရတာ မရှိသေးဘူး။ လူညီလို့လည်း ပါမယ်။ သူငယ်ချင်းတွေ အကုန်လုံး (စုစုပေါင်း ၆ယောက်)က တက်ညီလက်ညီရှိကြတော့ ပိုပျော်ဖို့ကောင်းတယ်။

အရင်ဆုံး သွားဖို့ဖြစ်လာတာက အစ်မက အဲ့မှာ တာဝန်ကျနေတော့ သူ့ဆီလာလည်ပါလားက စတာ။ အဲ့ဒါနဲ့ အစ်မဆီ ၅ရက်လောက် အလည်သွားမယ်ပေါ့ ဆိုပြီး သွားလိုက်တာ..။ သွားမယ်ဆိုတာ သေချာတော့ အဲ့မှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေကို လှမ်းပြော၊ ဘာမှာချင်လဲမေးပြီး ဒီလိုပဲ သွားလိုက်တာ.. သူတို့ ဘာတွေ စီစဉ်ထားမယ် ဘာမှ မသိလိုက်ဘူး။

ဗီဇာက အွန်လိုင်းလျှောက်ဖို့မှာ ခရက်ဒစ်ကဒ်နဲ့မှတို့၊ ဒက်ဘစ်ကဒ်ကလည်း ကြောင်နေတာတို့ကြောင့် Emirate ကပဲ Visa+Hotel+Air Ticket Package ဝယ်လိုက်ရတယ်။ တကယ်က ဟိုတယ်မလိုဘဲ အလကားနေရင်း ၅ရက်စာ ဝယ်လိုက်ရတယ်။ အဲ့တာနဲ့ ဈေးအပေါဆုံး Ibis Hotel ကို ရွေးလိုက်တယ်။

ဒူဘိုင်းရောက်တော့ ဗီဇာက ဆိုက်ရောက်ဗီဇာမို့ စစ်ဆေးတာတွေ ဘာတွေ အလုပ်မှာ အထူးအဆန်း သူတို့က မျက်စိကို ဓါတ်ပုံရိုက်ပြီး သိမ်းတာ.. မျက်စိက လက်ဗွေထက် ပို တိကျပြီး အတုမရှိလို့နဲ့ တူတယ်။ လေယာဉ်ဆိုက်တဲ့အချိန်က ညဘက် ၁၂နာရီလောက်မို့ အစ်မက လာမကြိုနိုင်တာနဲ့ Package က ဟိုတယ်အကြိုအပို့ ပါပြီးသားမို့ သူတို့ဟိုတယ်ကိုပဲ တစ်ညသွားအိပ်လိုက်ရတယ်။

Ibis က ဈေးပေါတာလည်း မပြောနဲ့၊ အခန်းက မီးခြစ်ဆံဗူးလေးလောက်ပဲ ရှိတယ်။ ရေချိုးခန်းကလည်း လှည့်လို့တောင် ကောင်းကောင်းမရချင်ဘူး။ အခန်းထဲမှာ ရေဗူးလည်း ထည့်မပေးထားဘူး။ တစ်ညပဲ နေရလို့ တော်သေးတယ်။

မနက်ကျ ၆နာရီလောက်နဲ့ နိုးနေပြီ။ အဲ့ဒါနဲ့ အစ်မကို လာခေါ်ပါတော့ ပြောရတယ်။ သူက အေးအေးဆေးဆေး ၇ခွဲလောက်မှ ရောက်လာပြီး သူနေတဲ့နေရာဆီ ခေါ်သွားတယ်။ အဲ့ဒီမှာ စားသောက်၊ စာအုပ်လေးဘာလေးဖတ်ပြီး နားနေတုန်း သူငယ်ချင်းက ဖုန်းဆက်ပြီး ညနေ သဲကန္တာရထဲမှာ ကားသွားစီးကြမယ်၊ လက်မှတ်ဝယ်ပြီးပြီဆိုပြီး လှမ်းချိန်းတယ်။ ကောင်းတာပေါ့.. သွားကြမယ်ဆိုပြီး အစ်မနဲ့ ညနေဘက် သွားကြရော..။


ကားက ကျမတို့ကို လာကြိုပြီး နောက်လူတွေကို ဒီနေရာမှာ သွားခေါ်တယ်။ အာရပ်ပြည်က တရုတ်တန်းဈေး။ :)

ကားတစ်စီးမှာ လူ ၇ယောက် တင်တယ်။ ကိုယ့်အဖွဲ့က ၃ယောက်ထဲမို့ နောက်ဆုံးမှာ ထိုင်လိုက်တယ်။ အရှေ့မှာ အိန္ဒိယ မိသားစု ၄ယောက်၊ ကလေး ၂ယောက်နဲ့ အဖေရယ်၊ အမေရယ်နဲ့။


ကန္တာရထဲ မရောက်ခင် ခပ်လှမ်းလှမ်း လမ်းမှာကတည်းက မြေနီတွေက ကတ္တရာလမ်းပေါ်တင်နေတာတွေကို စတွေ့နေရပြီ။ အမြဲ မြင်တွေ့နေရတာမျိုး မဟုတ်တော့ ပျော်တော့ ပျော်စရာ။


ဒီနေရာမှာ ကားတွေ စုရပ်ပြီး အဲ့ကနေမှ စထွက်ကြတယ်။

အဲ့လို ကားစီးတာ ဘယ်လိုနေတယ်ဆိုတာ အဲ့တော့မှ သိတော့တယ်.. ကားက အရှိန်နဲ့ကိုပဲ ဘယ်စောင်းလိုက်၊ ညာစောင်းလိုက်နဲ့ မှောက်တော့မလိုပဲ။ သူငယ်ချင်းနဲ့ ကျမက အသံအောင်သူတွေဆိုတော့ အရှေ့က ကလေးမလေးက လှည့်ပြီး သိပ်မအော်ပါနဲ့တဲ့.. :D ကျမတို့ကလည်း.. မတတ်နိုင်ဘူးကွယ်.. ဆယ်ကျော်သက်တွေဆိုတာ ဒီလိုပဲ.. ကလေးလည်း ဆယ်ကျော်သက်ဖြစ်လာတဲ့အချိန်ကျ သိလိမ့်မယ်လို့..။ ဘေးက အစ်မကတော့ ဘေးလူတွေ ဒုက္ခမရောက်ရအောင် မနည်းထိန်းထားရတယ်တဲ့.. သူ့ကို လုံတဲ့ ပလတ်စတစ်အိတ်တစ်လုံး အဆင်သင့် ပေးထားရတယ်။ ရန်ကုန်မှာ မတောက်တခေါက်နဲ့ ကျမမောင်းတာ စီးရတိုင်း မူးတယ်၊ မြန်တယ်နဲ့ ဘေးကနေ ပူညံပူညံလုပ်နေတဲ့သူက အဲ့ဒီမှာမှ သူများပြုသမျှ နုရရှာတော့တယ်။

၁နာရီ လောက်ကြာမယ် ထင်တယ်.. ကားစီးရတာ။ နောက်တော့ ကားက အနားယူဖို့ တဲထိုးထားတဲ့ တစ်နေရာမှာ နားပြီး လူတွေက အဲ့ဒီမှာ စားချင်တာ စား၊ သောက်ချင်တာ သောက်၊ ကုလားအုတ် စီးချင် စီးဖို့ စီစဉ်ထားပေးတယ်။ လက်မှတ်ထဲမှာ အဲ့ဒါတွေပါ ပါပြီးသား။ နည်းနည်းမှောင်တော့ အကတွေ စတယ်.. အစုံပဲ.. မိုက်တယ်။ ည အတော် နောက်ကျမှ ပြန်ရောက်လာကြတယ်။

နောက်နေ့ကျ သူငယ်ချင်းက အတ္တလန်တာသွားကြမယ်ဆိုတော့လည်း ဟာ.. ကောင်းတာပေါ့.. သွားမယ်ပဲ။ အစ်မက မလိုက်နိုင်သေးဘူး.. သူ့ခမျာ မနေ့က အတော်ကို မဟန်ဖြစ်ထားတာဆိုတော့။ ဒါနဲ့ မလိုက်နိုင်ရင် တစ်ယောက်ထဲ သွားလိုက်မယ်.. ကိစ္စရှိရင် ဖုန်းဆက်လိုက်ဆိုပြီး ကိုယ့်ဘာသာကိုယ် တစ်ယောက်ထဲ ထွက်လာ၊ ဟိုမှာ သူငယ်ချင်းတွေနဲ့ဆုံပြီး အထဲမှာ ဟိုဟာစီးလိုက်.. ဒီဟာစီးလိုက်နဲ့.. နောက်မှ ဓါတ်ပုံတွေ ပြန်ကြည့်ပြီး.. အော်.. ငါ တော်တော် မပျော်တတ်ရှာပါလားလို့..။ :D


အတ္တလန်တာထဲက ကလေးတွေ ကစားကြတဲ့နေရာ.. အဲ့ရောက်မှ ကိုယ်လည်း ကလေးပြန်ဖြစ်ပြီး သူတို့နဲ့ ဝင်ရောဆော့တော့တာပဲ။


အဲ့ဒီမှာ စီးစရာက ၆ မျိုး၊ ၇ မျိုးလောက်ပဲ ရှိမယ်ထင်တယ်။ ပထမဆုံး စီးဖြစ်တာက ဒီလျှောစီးတာ..။ သူက ၅ထပ်တိုက် အမြင့်လောက်ရှိမယ် ထင်တယ်။ အဲဒီကနေ လျှောချလိုက်တော့ စစချင်းမှာ ကျောနဲ့လျှောနဲ့လွတ်ထွက်သွားတော့ အတော်ကို လန့်သွားတာ.. နှလုံးခုန်တောင် ရပ်သွားတယ် ထင်တယ်။ နောက်မှ လျှောပေါ် လူပြန်ရောက်၊ ပြီးတော့ ရေထဲကနေ ဖြတ်ပြီး အောက်ရောက်သွားရော။ အခု ပြန်တွေးရင်တောင် ကျောထဲက စိမ့်သွားတယ်။ ဒါပေမယ့် နောက်စီးဦးမလားဆို စီးဦးမယ်ပဲ။ အဲ့တုန်းက ဒါကိုပဲ ၅ခါလောက် စီးခဲ့တယ် ထင်တယ်။

ဒါတွေက အဲ့လျှောစီးတဲ့ အထပ်ကနေ ဘေးဝဲယာရှုခင်းတွေကို ရိုက်ထားတာ.. ပုံတွေက များသောအားဖြင့် လူပါနေတော့ အဆင်မပြေတာနဲ့ အဲ့ဒါတွေကို ဖယ်လိုက်တော့ ပုံနည်းနည်းပဲ တင်လို့ရတော့တယ်။




တစ်ခြား စီးစရာတွေကလည်း အတော် ပျော်ဖို့ကောင်းတယ်။ သွားတဲ့လူက ၆ယောက်ဆိုတော့ ၃တွဲဖြစ်ပြီး နောက်ပိုင်းမှာ ကိုယ်စီးချင်တာတွေ စီးရင် တစ်တွဲစီ ကွဲသွားရော။ ဘောကွင်းက တစ်ယောက်ချင်းရော၊ နှစ်ယောက်တွဲရော ရှိပေမယ့် ကျမနဲ့ သူငယ်ချင်းက နှစ်ယောက်တွဲကွင်းနဲ့ တက်ညီလက်ညီ အပေါ်တက်လိုက်၊ လျှောချလိုက်နဲ့ တစ်ခုပြီး တစ်ခု စီးကြတယ်။

နေ့လည် ဗိုက်ဆာတော့ လူပြန်စုစရာမလိုဘူး.. အဲ့နေရာမှာ တန်းတွေ့တော့တာပဲ။ အသားကုန် ကစားထားလို့ ဗိုက်က အရမ်းဆာနေတာမှာ စားစရာက ကိုယ်ကြိုက်တာ ဘာမှ သိပ်မရှိသလိုပဲ။ ဒါနဲ့ ကြက်ကြော်နဲ့ အာလူးကြော်ပဲ စားလိုက်ပါမယ်ဆိုပြီး မှာလိုက်တာ.. ကြက်ကြော်က ဆော့စ်မပါဘဲ ဘယ်လိုမှ စားမရတာကြီး၊ ဘယ်လိုပဲဖြစ်ဖြစ် စားစရာရှိတာပဲ မဆိုးဘူးဆိုပြီး စားလိုက်ရတယ်။

စားပြီးတာနဲ့ ပြန်စီးကြပြန်ရော.. ကိုယ့်ဘာသာကိုယ် ဘယ်လောက်တောင် တက်လိုက်၊ ဆင်းလိုက်နဲ့ စီးနေသလဲ သတိမထားမိဘူး.. အဲ့ဒီက လုံခြုံရေးဝန်ထမ်းက ၆နာရီထိုးပြီမို့ ထပ်စီးမရတော့ပါဘူး လာပြောမှ ရပ်လိုက်ကြတော့တယ်။

အဲ့ဒီမှာ ခေါင်းမြီးခြုံထားတဲ့သူတွေက အဲ့ဒီအဝတ်တွေနဲ့ပဲ စီးနေကြတာလည်း တွေ့ခဲ့သေးတယ်.. သူတို့လည်း ပျော်ချင်ရှာမှာပါပဲ.. ဒါပေမယ့် အဲ့ဒီအဝတ်တွေသာ စီးနေတုန်း စက်ထဲ ညပ်ဝင်သွားရင် ဒုက္ခ။


ဒီပုံကို ဘယ်သူက ဘယ်တုန်းက ရိုက်သွားမှန်းတောင် မသိလိုက်ဘူး.. ပြန်ရောက်လို့ ဖဘမှာ သူငယ်ချင်းတွေ ပြန်တဂ်လုပ်တော့မှ တွေ့တာ.. တယ်လည်း တက်ကြွတဲ့ ငါတို့ပါလား.. လို့။

အဲ့နေ့ညမှာပဲ Burj Khalifa ကိုသွားပြီး Water Fountain Show သွားကြည့်ကြသေးတယ်.. အရမ်းမိုက်တာပဲ.. ကိုယ်လည်း တောသားမြို့ရောက်ကို ဖြစ်ရော..။


ပြန်ဖို့ တစ်ရက်ပဲလိုတော့တဲ့နေ့ကျတော့ အဲ့နေ့မှ အစ်မနဲ့ အတူမနေပေးရင် မကောင်းပါဘူးလေဆိုပြီး သူငယ်ချင်းတွေနဲ့ မချိန်းဘဲ သူ့ဆီမှာပဲ လိမ်လိမ်မာမာနေပြီး အဲ့နေ့ မနက်၁၀နာရီလောက်မှာ Deira မှာရှိတဲ့ Gold Souk ကို ရောက်ဖူးတယ်ရှိအောင် သွားကြည့်ကြတယ်။ အဲ့မှာ ရွှေတွေရောင်းနေတာကလည်း နည်းနည်းနောနောမဟုတ်ဘူး.. ခြေဆုံး၊ ခေါင်းဆုံး ဝတ်ထားလို့ရအောင်ကို အမျိုးစုံပဲ။ အမှတ်တရ ဒင်္ဂါးပြားလေး တစ်ခုလောက် ဝယ်မယ်ဆိုပြီး ကြည့်တော့ သူတို့ဆီက မဟုတ်ဘဲ တစ်ခြားနိုင်ငံက ဒင်္ဂါးပြားတွေပဲ ထုတ်ပြနေတာနဲ့ မဝယ်ခဲ့ရဘူး။ အဲ့မှာ ရွှေလက်ကောက်လေးတွေ အတော်မိုက်တာတွေ့တယ်.. လက်လှုပ်လိုက်ရင် အထဲမှာ ကျောက်ကလေးတွေ ပြေးနေတာ၊ ဈေးတွေက အမျိုးမျိုးကို ပြောကြတာ.. တစ်ဆိုင်က ဒေါ်လာ ၁၃၀၀၊ တစ်ဆိုင်က ၁၇၀၀နဲ့ ၂၃၀၀ အထိ ပြောတာကို တွေ့ရတယ်။ ပစ္စည်းကြိုက်ပေမယ့် ဈေးမကြိုက်လို့ ထားခဲ့ရတယ်။ (နောက်ပိုင်း အစ်မက သူ့မိတ်ဆွေ အနောက်နိုင်ငံသူနဲ့ သွားတော့ အဲ့လက်ကောက်တွေရဲ့ဈေးက ၄၀၀၀ ကျော် ဖြစ်သွားတယ်တဲ့။ ဒါတောင် ၁လမကွာဘူး.. သွားတဲ့အချိန်.. သူတို့လည်း အဖြူဆို ရိတ်စရာလို့ သဘောထားပုံပဲ။)

Deira မှာ ဟိုဆိုင်ဝင်ကြည့်လိုက်၊ ဒီဆိုင်ဝင်ကြည့်လိုက်နဲ့ နေပူထဲမှာ လျှောက်တာ ၂နာရီလောက်ရှိသွားတော့ အပူချိန်ပြင်းတာကြောင့် လူက မူးလဲချင်သလိုတွေ ဖြစ်လာတာနဲ့ ဆက်ကြည့်လို့တော့ မဖြစ်တော့ဘူးဆိုပြီး အမြန်ပြန်ထွက်လာရတယ်။


လမ်းမှာ တွေ့ခဲ့ရတဲ့ ကုန်တင်သင်္ဘော


အဲ့နေ့ ညနေမှာ အိမ်နဲ့ သိပ်မဝေးတဲ့ မောလ်တစ်ခုကိုသွားရင်း အဲ့က စားသောက်ဆိုင်တန်းတွေမှာ စားတော့ သူက ဒီအပြားလေးကို ပေးလိုက်ပြီး စားစရာရပြီဆိုရင် ဒါလေးက မီးလင်းတယ်.. အဲ့ကျ ဒါလေးကို ယူလာပြီး ကိုယ့်စားစရာကိုနဲ့ လာလဲရတယ်တဲ့။ အဲ့မတိုင်ခင်မှာ ဒါမျိုး တစ်ခါမှ မမြင်ဖူးဘူး။ သဘောကျတာနဲ့ ဓါတ်ပုံရိုက်လာတာ။ စင်ကာပူရောက်တော့မှ အဲ့က မြန်မာဆိုင်မှာလည်း အဲ့လိုပဲ ဆိုတာ ထပ်တွေ့တော့တယ်။ တောသားဆိုတာ သိပ်သိသာတာပဲနော်..။ :D


အစ်မက ဘယ်ရီသီးတွေ ဝယ်ထားတာနဲ့ အရင်က မစားဖူးလို့ စားကြည့်တာ.. Blueberry ကတော့ အတော်စားကောင်းပါတယ်.. ဒီ Respberry ကတော့ ချဉ်လိုက်တာ အရမ်းပဲ။ ဖျော်ရည်လုပ်သောက်ရင်တော့ မဆိုးဘူး ထင်တယ်။ ပုံစံလေးက ချစ်စရာကောင်းလို့တော့ ဓါတ်ပုံရိုက်ထားလိုက်တယ်။ :)

Friday, 2 December 2011

Savannakhet, Laos ခရီးစဉ်

လာအိုနိုင်ငံမှာရှိတဲ့ ဆဗနခတ်ဆိုတဲ့မြို့လေး (Savannakhet) က ဖွံဖြိုးတိုးတက်မှု သိပ်မရှိပေမယ့် အင်မတန်အေးချမ်းပြီး လူနေကျဲပါးပါတယ်။ အခုတော့ တရုတ်တွေ တဖြည်းဖြည်းနဲ့ စီးပွားရေးလာလုပ်၊ အခြေလာချတာတွေရှိလာလို့ လူဦးရေ အသင့်အတင့်ရှိလာတဲ့ နေရာလေးပါ။


Savannakhet ကို သွားဖို့က လေယာဉ်တိုက်ရိုက်မရှိတာကြောင့် သူနဲ့ နယ်စပ်ကပ်လျှက်ဖြစ်တဲ့ ထိုင်းနိုင်ငံဘက်က မုဒဟန် (Mukdahan) ဆိုတဲ့ မြို့လေးကနေ တဆင့်သွားရပါတယ်။ Mukdahan ကလည်း အတော်သေးတဲ့မြို့လေးဆိုတော့ အဲ့ဒီကိုလည်း လေယာဉ်က တိုက်ရိုက်မရြှိပန်ပါဘူး။ အဲ့ဒီတော့ Mukdahan နဲ့ အနီးဆုံး လေယာဉ်ကွင်းရှိတဲ့ Ubon Rtchathani ကို အရင်သွား၊ အဲ့ကနေမှ ကီလို၉၀လောက်ဝေးတဲ့ Mukdahan ကို ကားနဲ့ ၃နာရီလောက်ကြာအောင် သွားရပါတယ်။


Mukdahan ကနေ Savannakhet ဘက်ကို ကူးတဲ့ Friendship Bridge ပေါ်က Immigration ပါ။ အမြဲလိုလို လူမရှိတတ်တဲ့ လူဝင်မှုကြီးကြပ်ရေး ဌာနလေးပေါ့။ အဖြူတွေကိုတော့ ရံဖန်ရံခါ တွေ့ရတတ်တယ်။ သူတို့က ကျောပိုးအိတ်တလုံးနဲ့ လျှောက်ခရီးသွားနေကြတော့ နေရာစုံပိုရောက်မယ် ထင်တယ်။


ရောက်ရောက်ချင်း အခန်းမှာ ခဏနား၊ ရေမိုးချိုးပြီး မဲခေါင်မြစ်ဘက်အခြမ်းကို လမ်းလျှောက်သွားကြတယ်။ ကမ်းနားမှာ စားသောက်ဆိုင်လေးတွေက တန်းစီနေတာပဲ.. ဝင်တော့ မဝင်ဖြစ်ခဲ့ဘူး။ အပြင်ဘက်ကပဲ ဓါတ်ပုံရိုက်ခဲ့တယ်။


အတူသွားတဲ့ သူငယ်ချင်းနှစ်ယောက်ကို ပုံထဲထည့်ရိုက်လိုက်တာ.. တစ်ချို့ဓါတ်ပုံတွေက လူပါမှ ပိုအသက်ဝင်သလိုပဲ။


ကမ်းနားက စားသောက်ဆိုင်လေး


ကမ်းနားက နေဝင်ချိန်ကို လျှောက်ပြီး ရိုက်ထားတာပါ။ မြို့ပြနဲ့ဝေးတဲ့ ဒီလိုနေရာလေးတွေမှာ လတ်ဆတ်တဲ့လေကို ရှုသွင်းရင်း သဘာဝ အလှအပလေးတွေကို လှည့်ပတ်ကြည့်ရတာ တကယ်ကိုစိတ်ချမ်းသာစရာ။





ညနေ ၆နာရီ - အစိုးရရုံးတစ်ရုံးရှေ့မှာ ဝန်ထမ်းတွေ ညီညီညာညာ ကိုယ်လက်လှုပ်ရှား အားကစားလုပ်နေကြတာ


အဲ့တုန်းက တည်းတဲ့ ဟိုတယ်က မနက်စာပါ.. ကြက်အူချောင်းအရောင်က တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းရဲ့ ဖုန်းအခွံအရောင်နဲ့တူနေလို့ ဓါတ်ပုံရိုက်ခဲ့ကြသေးတယ်.. ကြက်သားအရသာ ပန်းရောင် ဂျုံချောင်းကြီးဆိုပြီး။



Savannakhet က Duty Free Shop! =)