Tuesday 27 September 2011

အန်ကောဝပ် ခရီးစဉ် - ၎

အန်ကောဝပ်မှာ ကျောက်တုံးကြီးတွေကို ဆက်စပ်ပြီး သေသပ်လှပတဲ့ လက်ရာတွေအဖြစ် ထုဆစ်ထားတာကို တွေ့ရတာ ရင်သပ်ရှုမောဖွယ်ပါပဲ။ ဘိလပ်မြေဆိုတာ မရှိသေးတဲ့ခေတ်မှာ အခုလို ကျောက်တုံးတွေ တစ်တုံးနဲ့ တစ်တုံး ဘယ်လို ဆက်စပ်ထားခဲ့သလဲဆိုတာကို ခုထိ မသိကြရသေးဘူးလို့ ဝီကီထဲမှာ ပြောထားပါတယ်။ သူတို့ကတော့ သစ်စေးတို့ ဘာတို့နဲ့ လုပ်ထားတယ်လို့ ခန့်မှန်းကြတယ် ဆိုပါတယ်။ အန်ကောဝပ်ရဲ့ ဗိသုကာလက်ရာတွေဟာ တကယ်ကို စိတ်ဝင်တစား လေ့လာချင်စရာ ကောင်းပါတယ်။

တစ်ချို့နေရာတွေမှာ ကျောက်တုံးတွေကို သံချောင်းတွေနဲ့ တွဲစပ်ထားတာ တွေ့ခဲ့ရပါတယ်။ ဒါတွေက နောက်ပိုင်းမှ ပြုပြင် မွမ်းမံထားတဲ့ အစိတ်အပိုင်းတွေလို့လည်း တစ်ချို့က ခန့်မှန်းကြပါတယ်။ ကိုယ်တိုင်ကတော့ နားမလည်လို့ သေချာမသိပါဘူး။ နောင် အချိန်ရမှ စာတွေရှာဖတ်ကြည့်ပါဦးမယ်။

ဒီပို့စ်မှာတော့ ရှေးဟောင်းဗိသုကာလက်ရာတွေကို စိတ်ဝင်စားသူတွေအတွက် ရိုက်လာတဲ့ပုံတွေထဲက ကောင်းနိုးရာရာလေးတွေကို ရွေးတင်လိုက်ပါတယ်။

ဘယွန်း (Bayon)


ဒါကတော့ သူတို့ဆီမှာ Apsara လို့ခေါ်တဲ့ ကချေသည် အလှမယ်လေးတွေပုံကို ထုဆစ်ထားတာပါ။




နံရံတွေမှာ၊ တိုင်လုံးတွေမှာ ရုပ်ကြွပန်းချီတွေကို တော်တော်အနုစိပ် ထွင်းထုခဲ့ကြပုံပါပဲ။ ခုလို ပျက်စီးပြီး မှုန်ဝါးဝါးပဲ မြင်ရတာတောင် တော်တော်သေသေသပ်သပ် ထုဆစ်ထားတာကို တွေ့နေရသေးတယ်။








ကျောင်းဆောင်တွေ အတော်များများရဲ့ အတွင်းပိုင်းခေါင်မိုးတွေက တော်တော်ကို မြင့်ပြီး ထိပ်ဘက်ကို ဖွင့်ထားပါတယ်။ လေနဲ့ အလင်းရောင်ရအောင်လို့လို့ ထင်ပါတယ်။ အမိုးက အရမ်းမြင့်နေပြီး ထိပ်ဝက သိပ်မကျယ်တော့ မိုးရွာရင်လည်း အထဲကို မိုးသိပ်မပက်ပါဘူး။



ပြိုကျခါနီး နံရံတစ်ချပ်

အပြိုအပျက်တွေက ဟိုတစ်ပုံ ဒီတစ်ပုံနဲ့ မျက်စိထဲမှာ လှတောင် လှနေသေးတယ်။ ရေညှိစိမ်းစိမ်းလေးတွေနဲ့။

ပြန်လည်မွမ်းမံဖို့ ကျောက်တုံးတွေကို ပုံထားတာ။ အဲ့ဒီမှာ သူတို့က ကျောက်တုံးအသစ်တွေနဲ့ အစားထိုးပြီးရင် အဲ့ဒီကျောက်တုံးကို အစိမ်းရောင်နဲနဲရောထားတဲ့ ထုံးသုတ်လိုက်တယ်။ အဲ့ဒီတော့ ရေညှိတက်နေတဲ့ ကျောက်တုံးအဟောင်းတွေကြားထဲမှာ အသစ်တွေကရောပြီး မသိသာတော့ဘူး။


ကျောက်တုံးတွေကို သံချောင်းတွေနဲ့ ချိတ်ဆက်ထားတာ



ဆက်ရန်...

Monday 26 September 2011

အန်ကောဝပ် ခရီးစဉ် - ၃

အန်ကောဝပ်ကနေ နေဝင်ချိန်ကြည့်ရတာ သိပ်လှတယ် ပြောကြလို့ တစ်ညနေမှာ သွားပြီး ဓါတ်ပုံရိုက်ကြတယ်။ ဖြစ်ချင်တော့ အဲ့ဒီညနေမှာ မိုးက ဖျောက်ဖျောက် ဖျောက်ဖျောက်လေး ရွာနေတော့ နေဝင်ဆည်းဆာကို မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် အန်ကောဝပ်ကို ရောက်ရောက်ချင်း၊ မြင်မြင်ချင်းမှာတော့ အရမ်းကို ပျော်သွားတာ။ အန်ကောဝပ်ကို ရောက်ပြီ! ဆိုပြီး။

အဲ့ဒီနေ့က ရိုက်ခဲ့တဲ့ ပုံတွေက ရာသီဥတုကြောင့် နည်းနည်း မှုန်မှိုင်းမှိုင်းလေး ဖြစ်နေတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်က သိပ်သာယာတာပဲ။ ဒါကြောင့် ခရီးသွားတွေက အဲ့ဒီကို ၄-၅ရက်လောက်နေပြီး လည်ပတ်ကြတာ ဖြစ်မယ်။

အန်ကောဝပ်ရှေ့ဘက်မှာ ကျုံးလိုမျိုး တစ်ခုရှိတာ မန္တလေးကျုံးထက်ကို တော်တော်ပိုကြီးမယ်။ ရေတွေက စိမ်းမှောင်နေပြီး ကြာပင်တွေလည်း ရှိနေတာ။ ပန်းတွေသာ အများကြီးပွင့်နေရင် သိပ်လှမှာပဲ။ အန်ကောဝပ်ရယ်၊ ကျုံးရယ်၊ ကြာပန်းတွေရယ်၊ ပတ်ဝန်းကျင်က တောအုပ်စိမ်းစိမ်းလေးရယ်နဲ့။

အဲ့ဒီနေ့က အထဲကို မဝင်ဘဲ အပြင်ကနေပဲ ဓါတ်ပုံပတ်ရိုက်ခဲ့ကြတယ်။ အထဲကို ဝင်ရင် အချိန်ကလည်း ၁နာရီလောက်ပဲ ရမှာ။ သူက ညနေ ၆နာရီ ပိတ်တာကို ရောက်သွားတဲ့အချိန်က ၅နာရီ ဝန်းကျင်ဆိုတော့။

ကားပေါ်မှာ ပါလာတဲ့ ကမ်ဘောဒီးယားတစ်ယောက် လမ်းမှာ တွေ့တဲ့ ကျောင်းဆောင်တစ်ချို့ရဲ့ ရာဇဝင်ကို ရှင်းပြတယ်။ အန်ကောဝပ်ကနေ ဘယွန်း (Bayon)ကို သွားတဲ့လမ်းမှာ ကျောင်းဆောင် ၁၂ဆောင်တွေ့တော့ အဲ့ဒီတစ်ယောက်က ရှင်းပြတယ်။ ဘုရင်က တောထဲမှာ နေတဲ့ ညီအစ်မ ၁၂ယောက်ကို တိုင်းခန်းလှည့်ရင်း တွေ့တော့ သူတို့တွေကို သနားလို့ နန်းတော်ထဲ ခေါ်လာပြီး အကုန်လုံးကို မိဖုရားမြှောက်လိုက်တယ်တဲ့။
နောက်တော့ မိဖုရားကြီးက မနာလို ဝန်တိုတွေဖြစ်ပြီး ညီအစ်မ၁၂ယောက်မှာ အငယ်ဆုံးတစ်ယောက်ကို မျက်လုံးတစ်ဖက် ဖောက်ထုတ်လိုက်ပြီး၊ ကျန်၁၁ယောက်ကို မျက်လုံးနှစ်ဖက်လုံးဖောက်ပြီး အငယ်ဆုံးလေးကလွဲလို့ ကျန်တဲ့သူတွေကို တောထဲက ဂူတွေထဲမှာ တစ်ယောက်တစ်ဂူထည့်ပိတ်ထားလိုက်တယ်တဲ့။
အဲ့ဒါနဲ့ လွတ်နေတဲ့ အငယ်ဆုံးညီမလေးက သူ့မြင်နေရတဲ့ မျက်စိတစ်ဖက်နဲ့ အစ်မ၁၁ယောက်ကို နေ့တိုင်းအစာရှာပြီး တစ်ဂူပြီး တစ်ဂူ အစာလိုက်ပို့ပေးရှာတယ်တဲ့။ ဂူတွေက အစာထည့်ပေးလို့ရလောက်အောင်တော့ အပေါက်ရှိပုံရတယ်။ သူပြောပုံအရ။
အဲ့လိုနဲ့ သူတို့က အစာဆို ဘာမဆိုနီးပါး စားကြရတာမှာ ပင့်ကူတွေ အင်းဆက်တွေကိုပါ အရှင်စားရတဲ့ဘဝကို ရောက်ရောတဲ့။ ဒါကြောင့် သူတို့ရိုးရာအစာထဲမှာ ပင့်ကူကြော်တွေ အင်းဆက်ကြော်တွေပါ ပါတာလို့ပြောတယ်။
ဇာတ်လမ်းကို ပြန်ဆက်ရရင် ဘုရင်က နောင်မှ အဲ့ဒီအကြောင်းတွေ ပြန်သိပြီး အရမ်းစိတ်မကောင်းဖြစ်သွားတယ်၊ ဒါပေမယ့် ညီအစ်မ ၁၂ယောက်က မရှိရှာတော့ဘူး ဆိုတော့ သူက ကျောင်းဆောင် ၁၂ဆောင်ကို သူတို့အတွက်ရည်စူးပြီး အမှတ်တရအနေနဲ့ ဆောက်ပေးထားတာလို့ ပြောတယ်။
ဒီဇာတ်လမ်းသာ အမှန်ဆိုရင် ကမ်ဘောဒီးယားမှာ စိတ်ထားကြမ်းတမ်းတဲ့လူတွေ အတော်ရှိခဲ့တယ်လို့ ပြောလို့ရမယ် ထင်တယ်။ ကွန်မြူနစ်ဝါဒီ ပိုပေါ့တို့ကလည်း အပြစ်မဲ့တဲ့ လူသန်းပေါင်းများစွာကို သတ်ခဲ့တာကြဆိုတော့။ ထားပါတော့လေ။

လိုရင်းကို ပြန်သွားရရင် အဲ့ဒီနေ့က ဓါတ်ပုံတွေ သိပ်များများစားစားတော့ မရိုက်ဖြစ်ခဲ့ပါဘူး။ မှောင်ကလည်း မှောင်လာ၊ မိုးကလည်း ဖျောက်ဖျောက်ရွာနေတာနဲ့။ ဒါပေမယ့် နောက်တစ်ရက်မှာ အဲ့ဒီကို မနက် ၆နာရီလောက်ကတည်းက စထွက်ပြီး တစ်နေကုန် တစ်နေရာပြီး တစ်နေရာ သွားလည်ဖြစ်ခဲ့တယ်။

အန်ကောဝပ်ကို အပြင်ကနေ မြင်ရတဲ့ပုံစံ

အခု အထဲကို စရောက်ပြီ။

ရာသီဥတုက ခုတစ်မျိုး တော်ကြာတစ်မျိုး.. စောစောက လင်းပြီး ခုမှောင်ချင် မှောင်တာမျိုး။

အန်ကောဝပ်ဝင်းထဲမှာ ဒီလိုကျောင်းဆောင်ပုံစံတွေ အများကြီးပဲ။

ပျက်စီးနေတဲ့ ကျောင်းဆောင်တစ်နေရာ

စောစောက နေရာကိုပဲ အပြင်ကနေ ရိုက်ထားတာ။

ကျောင်းဆောင်ဟောင်းလေးနဲ့၊ မြင်းဖြူလေးနဲ့၊ ထန်းပင်လေးနဲ့ ပဏ္ဍာကိုရလို့။


စောင်းတန်းအမိုးတွေကအစ ကျောက်နဲ့လုပ်ထားတာ။

အပျက်အစီးတွေကို ဒီအတိုင်းထားထားတာလည်း တစ်မျိုးကြည့်ကောင်းတယ်။

ဒီကျောင်းဆောင်တွေကတော့ သိပ်ဟောင်းနေပြီဆိုတော့ အပေါ်ကို ပေးမတက်တော့ဘူး။ ပြိုကျမှာစိုးလို့ ထင်တယ်။

ဒါတွေကို စေတီလား အရိုးအိုးထည့်တဲ့ ဂူလား သေချာကြည့်ရသေးတယ်။ ထိုင်းမှာ စေတီတွေက အရိုးအိုးထည့်တဲ့ ဂူတွေ ဖြစ်နေတတ်လို့။
တစ်ခါက ဘာသာတရားကိုင်းရှိုင်းတဲ့ သူငယ်ချင်းတစ်ယောက်က မြဘုရားထဲက စေတီတစ်ဆူကို သေချာ ကျကျနန ရှိခိုးနေတုန်း အမွှေးတိုင်တွေ ပန်းတွေနဲ့ လူတစ်ယောက် အဲ့ဒီစေတီကို ရောက်လာတယ်။ သူက သူနဲ့များ သိသလားဆိုပြီး လေ့လာသလိုကြည့်တော့တောင် သူငယ်ချင်းက ပြုံးပြလိုက်သေးတယ် ထင်တယ်။ နောက်မှ ဟိုက မျက်ရည်လေး ဝေ့လာတာကို အသာသုတ်ပြီး ပန်းတွေ ဘာတွေ စေတီခုံလေးပေါ်တင်လိုက်တော့မှ သူငယ်ချင်းက စေတီခုံနားက ဓါတ်ပုံကပ်ထားတာကို တွေ့တော့တာ။ သူလဲ တွေ့တာနဲ့ အမြန်လစ်လာရော။ :D




ဒါက အန်ကောဝပ်ကနေ တစ်ခြားကျောင်းဆောင်တွေ ရှိတဲ့နေရာကိုအသွား လမ်းမှာ တွေ့တဲ့ ကျောင်းဆောင်အပျက်တစ်ခု

ကျောင်းဆောင်အောက်ခြေပိုင်းမှာ ဆင်ပုံတွေ ထုထားတာ သဘောကျလို့။

ကျုံးပတ်ပတ်လည်မှာလည်း ဆင်ပုံတွေနဲ့။ (သုံးဘီးပေါ်ကနေ လှမ်းရိုက်လိုက်ရလို့ ဝါးသွားတယ်။ အပြင်မှာ ကြည်ကြည်လင်လင်မြင်ရတာ တော်တော်ကြည့်ကောင်းတယ်။)

ဒါက နောက်တစ်နေရာ


ဒါက ဘယွန်း(Bayon)ကို သွားတဲ့ တံတားပေါ်မှာ။ အဲ့ဒီ တံတားက လမ်းလျှောက်လို့၊ ဓါတ်ပုံရိုက်လို့ သိပ်ကောင်းတာပဲ။ သာသာယာယာနဲ့။



ဒီမှာ ဒိုက်ဆယ်နေတာလား၊ ငါးဖမ်းနေတာလားတော့ မသိဘူး။ သူ့လိုတော့ ရေထဲဆင်းပြီး ဆော့ချင်သား။

သူတို့ အရုပ်တွေထုထားတာ တော်တော်ကြည့်ကောင်းတယ်။

နံမည်ကြီး ဘယွန်း(Bayon)ကို ရောက်ပါပြီ။ Tomb Raider ကို ဒီမှာ ရိုက်တာလို့ နယ်ခံတွေက ပြောတယ်။ ပြန်ကြည့်မှ သေချာသိမှာပဲ။



ဒီနေရာမှာ ဓါတ်ပုံရိုက်ရဖို့ အတော်စောင့်ယူရတယ်။ အဲ့ဒီဘောင်ပေါ်ထိုင်ပြီး ဓါတ်ပုံရိုက်ကြတာ တော်တော်လှတယ်။ ကိုယ်တိုင်တော့ လှလှပပ မရိုက်နိုင်တော့ဘူး။ လူက ပင်ပန်းလွန်းလို့ ရုပ်လည်း မထွက်တော့ဘူး။

ဒါကတော့ သစ်ပင်ကြီးတွေ၊ သစ်မြစ်တွေက ကျောင်းဆောင်တွေပေါ် ပေါက်နေတာတို့၊ ကျောင်းဆောင်ကို ပတ်နေတာတို့နဲ့ ဓါတ်ပုံတော်တော်များများမှာ တွေ့ဖူးနေတဲ့ နေရာပါ။

အပြိုအပျက်တွေလည်း အများကြီးပဲ။

ဒီနေရာကလည်း တော်တော်ထူးခြားတယ်။ ဓါတ်ပုံအရိုက်အများဆုံးနေရာတွေထဲက တစ်ခုပဲ။

ရောက်ခဲ့သမျှမှာ ဒီနေရာတစ်ခုပဲ အပေါ်ပေးတက်တယ်။ တက်မယ့်တက်ရတော့လည်း ကြောက်စရာကြီး။ လှေခါးကျောက်တုံးတွေက မိုးရွာထားတော့ တော်တော်ချောနေပြီး ဗျက်ကလည်း မညီ၊ တစ်ချို့နေရာတွေမှာဆို ခြေဖဝါးအရှည်ရဲ့ သုံးပုံတစ်ပုံပဲ ရှိတယ်။ အတက်ရော၊ အဆင်းရော တော်တော်တော့ သတိထားရတယ်။ အဆင်းက ပိုခက်တယ်။ နောက် ကိုယ်က ရှေ့ဆုံးက ဆင်းတော့ နောက်လူတွေထဲက တစ်ယောက်ယောက်များ ချော်ပြီး ပြုတ်ကြရင် သွားပြီဆိုပြီး ဘုရားတနေရတယ်။ ဒါပေမယ့် ပျော်တော့ အတော်ပျော်သား။

ဒါကတော့ အပြန်လမ်းမှာ တွေ့ခဲ့တဲ့ ကျောင်းဆောင်တစ်ခုရဲ့ မုခ်ဦးပါ။
ဆက်ရန်...